ဆရာတော် ဦးဝီရသူ ပေါက်တောဒေသခံတွေ နဲ့ တွေ့ဆုံ
2014.03.11

မန္တလေးမြို့ မစိုးရိမ်တိုက်သစ်ဆရာတော် ဦးဝီရသူဟာ ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ဒေသဖွံ့ဖြိုးရေး အတွက် အကူအညီပေးနိုင်ဖို့ ဒေသခံတွေရဲ့ အခက်အခဲတွေကို ဒီနေ့ မေးမြန်းခဲ့တယ်လို့ သိရပါတယ်။
ဒီခရီးစဉ်မှာ ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေးနဲ့ ဒုက္ခသည်တွေ အတွက် ဘာတွေကူညီပေးရမလဲသိချင်လို့ ကြွှရောက် တာဖြစ်တယ်လို့ ဆရာတော် ဦးဝီရသူက မိန့်ကြားပါတယ်။
"ရည်ရွယ်ချက်ကတော့ ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စပါ၊ ပေါက်တောမြို့ ဖွံ့ဖြိုးရေးအတွက် အဓိက ဘာတွေလိုအပ်မလဲ၊ ဘာတွေလုပ်ပေးရမလဲပေါ့ လာပြီးတော့ ကူညီပေးတာ၊ ဒုက္ခသည်တွေကို ကူညီဖို့ပေါ့၊ ဒုက္ခသည်တွေက နှစ်မျိုးပေါ့၊ အကြမ်းဖက် တိုက်ခိုက်ခံရတဲ့ ဒုက္ခသည်တွေ၊ ပြည်ပကနေပြီးတော့ နေလို့ထိုင်လို့မရလို့ ပြန်ရောက်လာတဲ့ ဒုက္ခသည်တွေပေါ့"
ဆရာတော်ရဲ့ အခု ရခိုင်ပြည်နယ်ခရီးစဉ်ဟာ ရက်သတ္တ တစ်ပတ်နီးပါးလောက်ကြာမြင့်မှာဖြစ်ပြီး မြောက်ဦး၊ မြေပုံ စတဲ့ မြို့နယ်တွေက အခြေအနေတွေကိုလည်း ကြွရောက်လေ့လာသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
ဆရာတော် ဦးဝီရသူဟာ ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခတွေနောက်ပိုင်း စစ်တွေမြို့ကို ဒုတိယအကြိမ် ကြွရောက်လာခဲ့တာဖြစ်ပြီးတော့ ဒေသခံတွေရဲ့ စားဝတ်နေရေး၊ ပညာရေးကဏ္ဍနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍတွေမှာ တစ်စုံတစ်ရာ ထူးခြားပြောင်းလဲသွားတာမျိုး မတွေ့ရသေးဘူးလို့လည်း ဆရာတော်က မိန့်ကြားခဲ့ပါတယ်။
ဒါ့အပြင် ဆရာတော်ရဲ့ တရားပွဲကို ဒီကနေ့ ညနေနဲ့ မနက်ဖြန် ညနေပိုင်းတွေမှာ စစ်တွေမြို့မှာကျင်းပသွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။
ဒီအတောအတွင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက နိုင်ငံရေးအရာရှိ Mr. Clint Fenning ဟာ ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်က အရပ်ဘက် လူမှုအဖွဲ့အစည်းတွေအပြင် နိုင်ငံရေးပါတီတွေနဲ့ ဒီကနေ့ တွေ့ဆုံပြီး ဒေသဖွံ့ဖြိုးရေးအတွက် ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ဒေသတွင်း အရပ်ဘက် လူမှုအဖွဲ့အစည်းတွေရဲ့ အခက်အခဲတွေနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပျက်စီးလာတဲ့အခြေအနေတွေကို အမေရိကန် သံရုံးအရာရှိတွေကို တင်ပြခဲ့ကြတယ်လို့ သိရပါတယ်။
အမေရိကန် သံရုံးအရာရှိတွေဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက ဂွမြို့နယ်နဲ့ ကျိန ္တလီမြို့နယ်ခွဲတွေက ဒေသခံတွေနဲ့ လည်း တွေဆုံခဲ့တယ်လို့ သိရပါတယ်။