ဟံသာဝတီ ဦးဝင်းတင် ကို တောင်ကိုးရီးယား လူ့အခွင့်ရေးဆု ချီးမြှင့်

တောင်ကိုးရီးယား နိုင်ငံရေးအကျဉ်းသားဟောင်းတွေ ထူထောင်ထားတဲ့ Truth Foundation အမှန်တရား ထွန်းကားရေးအဖွဲ့က ကွယ်လွန်သူ NLD နာယက ဟံသာဝတီ ဦးဝင်းတင်ကို ၂ဝ၁၄ ခုနှစ်အတွက် လူ့အခွင့် အရေးဆု ချီးမြှင့်လိုက်ပါတယ်။
ဇွန်လ၂၆ ရက်နေ့က တောင်ကိုးရီးယားနိုင်ငံ ဆိုးလ်မြို့မှာ ကျင်းပတဲ့ အဲဒီ ဆုပေးပွဲကို ဦးဝင်းတင်ရံပုံငွေအဖွဲ့ အတွင်းရေးမှူး ဦးကျော်အောင်နဲ့ အလုပ်အမှုဆောင် အဖွဲ့ဝင် တော်ဝင်နှင်းဆီ ဦးစိုးညွန့်တို့ တက်ရောက် ရယူခဲ့ပါတယ်။
ဆရာဦးဝင်းတင်ကို အခုလို လူ့အခွင့်ရေးဆုချီးမြှင့်ဖို့ အတွက် တောင်ကိုးရီးယားနိုင်ငံရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လွတ်မြောက်နယ်မြေ ဌာနခွဲက အဆိုပြုတင် သွင်းခဲ့တာ ဖြစ်ပါတယ်။
ဆရာဦးဝင်းတင်နဲ့ သူ ထူထောင်ခဲ့တဲ့ ရံပုံငွေအဖွဲ့ကို အခုလိုရွေးချယ်ပေးအပ်ခဲ့တဲ့အတွက် မိမိတို့ အလွန်အားရ ဝမ်းသာ ဖြစ်ရကြောင်း NLD လွတ်မြောက်နယ်မြေ ကိုးရီးယားဌာနခွဲ ဥက္ကဌ ဦးနေထွန်းနိုင်က RFA ကို ပြောပါတယ်။
"ဘဘ ဦးဝင်းတင်က ကျနော်တို့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီနဲ့ လွတ်မြောက်ဖို့အတွက်ကို သူ့ရဲ့ ဘဝတလျှောက်လုံး ကိုယ်ကျိုးစွန့် မြှုပ်နှံပြီးတော့ ကြိုးပမ်းဆောင်ရွက်ခဲ့တယ်ဆိုတဲ့အတွက်ကို ဒီဆုနဲ့ ထိုက်တန်တယ်ဆိုတဲ့အတွက်ကို ကျနော်တို့ကနေပြီးတော့ Truth Foundation ရဲ့လူ့အခွင့်အရေးဆု ရဖို့အတွက်ကို ကျနော်တို့ ကိုးရီးယားဌာနခွဲကနေ ပြီးတော့မှ အဆိုပြုတင်သွင်းခဲ့တာဖြစ်ပါတယ်"
အခုအချိန်အထိ ဒီဆုရရှိသူ ၄ ဦးရှိရာမှာ တခြားဆုရှင် ၃ ဦးက တောင်ကိုးရီးယားနိုင်ငံသားတွေ ဖြစ်တဲ့အတွက် ဆရာဦးဝင်းတင်ဟာ တစ်ဦးတည်းသော ပြည်ပဆုရှင်ဖြစ်ပါတယ်။ ဆုကြေးငွေအဖြစ် အမေရိကန်ဒေါ်လာ တစ်သောင်းချီးမြှင့်ကြောင်းလည်း သိရပါတယ်။
အဲဒီ NLD လွတ်မြောက်နယ်မြေ ကိုးရီးယားဌာနခွဲ ဟာ ၂ဝဝ၄ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည်နဲ့ ၂ဝဝ၉ ခုနှစ်က ကိုမင်းကိုနိုင်တို့ကို ချီးမြှင့်ပေးအပ်ခဲ့တဲ့ Gwangju ဂွမ်ဂျူး လူ့အခွင့်အရေးဆုတွေအတွက် အဆိုပြုခဲ့တဲ့ အဖွဲ့လည်းဖြစ်ပါတယ်။
ဒီသတင်းနဲ့ပတ်သက်ပြီး တောင်ကိုးရီးယားနိုင်ငံ ဆိုးလ်မြို့ကိုရောက်ရှိနေတဲ့ ဦးဝင်းတင်ရံပုံငွေအဖွဲ့ အတွင်းရေးမှူး ဦးကျော်အောင်ကို RFA အဖွဲ့သား ဦးခင်မောင်စိုး က ဆက်သွယ်မေးမြန်းထားပါတယ်။