သတင်းစာဆရာကြီး ဦးဝင်းတင် ကျန်းမာရေး တိုးတက်မှုရှိလာ
2014.03.31

ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ အရေးပေါ်လူနာအဖြစ် တက်ရောက် ဆေးဝါးကုသမှုခံယူနေတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် နာယကအဖွဲ့ဝင် သတင်းစာဆရာကြီး ဦးဝင်းတင်ရဲ့ ကျန်းမာရေးအခြေအနေဟာ ဒီနေ့မှာ တိုးတက်မှုရှိလာပြီလို့ မိသားစုဆရာဝန် ဒေါက် တာမြင့်သိန်းက ပြောပါတယ်။
ဆရာကြီး ဦးဝင်းတင်ရဲ့ အဆောင်ထဲဝင်ရောက်ပြီး လူနာကြည့်ရှုခွင့်ကိုတော့ ပိတ်ပင်ထားတယ်လို့ ဒေါက် တာမြင့်သိန်းက ပြောပါတယ်။
"အခုက အများကြီးတိုးတက်လာတယ်ဆိုတော့လေ ဒါကုသမှုနဲ့ တော်တော်အဆင်ပြေတယ်ပေါ့နော်၊ ဒီမှာပဲ မိသားစုတွေရော ဘာတွေရောအားလုံး ကျန်တဲ့ပါတီကလူတွေအားလုံးပေါ့နော် ဒီမှာပဲ ဆက်ကုစေချင်တဲ့ ဆန္ဒလည်းရှိတယ်၊ ရာခိုင်နှုန်း အနေနဲ့တော့ ပြောလို့မရဘူး၊ ကျနော်တို့ဖြစ်နိုင်ရင် ဒီအထဲကို လူတွေမဝင်ပါနဲ့ ဝင်လာရင် နှာစေးတဲ့လူပါတယ်၊ ချောင်းဆိုးတဲ့လူပါတယ်၊ အဲလိုပါလာလို့ ပိုးဝင်ရင် ကျနော်တို့ လူတစ်ယောက် ချောင်းဆိုးတဲ့ပိုးဆိုတာ အရှေ့ကိုထွက်သွားလို့ရှိရင် ခြောက်ပေအကွာ အထိရောက်တယ်၊ အဲဒါကြောင့်မို့ လူတွေကို တားနေတာ၊ ဖြစ်နိုင်ရင် မဝင်ပါနဲ့"
အသက် ၈၅ နှစ်ရှိပြီဖြစ်တဲ့ ဆရာကြီး ဦးဝင်းတင်ဟာ ရန်ကုန်ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေတာဟာ ဒီနေ့နဲ့ဆိုရင် ၄ ရက်ရှိပြီဖြစ်ပြီး ဆေးရုံကြီးမှာပဲ ဆက်လက်ကုသမယ်လို့ သိရပါတယ်။
ဦးဝင်းတင်ကို မတ်လ ၁၂ ရက်နေ့က လမ်းမတော်မြို့နယ် Green Cross ဆေးရုံမှာ ဆေးကုသမှု ခံယူနေတာဖြစ်ပြီး ၂၇ ရက်နေ့က ဝိတိုရိယဆေးရုံကို ပြောင်းရွှေ့ခဲ့ပါတယ်။ အဲဒီနောက် ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ခဲ့တာ ဖြစ် ပါတယ်။