လွိုင်ကော်ထောင်က အကျဉ်းသားတွေ ရိက္ခာပြတ်လို့ ကျန်းမာရေးဆိုးရွားနေ

RFA Burmese
2024.05.20
လွိုင်ကော်ထောင်က အကျဉ်းသားတွေ ရိက္ခာပြတ်လို့ ကျန်းမာရေးဆိုးရွားနေ ကယားပြည်နယ်၊ လွိုင်ကော်အကျဉ်းထောင်ကို တွေ့ရစဉ်။
တိုးတက်သောကရင်နီပြည်သူ့အင်အားစု - PKPF

လွိုင်ကော်ထောင်မှာရှိတဲ့ နိုင်ငံရေးအကျဉ်းသားတွေမှာ အစားအသောက် ရိက္ခာပြတ်လပ်မှုနဲ့ ‌ကြုံနေရပြီး ကျန်းမာရေးဆိုးရွားနေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ထုတ်ပြန်ထားပါတယ်။

လွိုင်ကော်အကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသား တစ်ရာကျော်အပါအဝင် အကျဉ်းသား လေးရာကျော်ရှိပြီး ကယားပြည်နယ်မှာ တိုက်ပွဲတွေ စတင်ပြင်းထန်လာချိန်ကစပြီး မိသားစုဝင်တွေက ထောင်ဝင်စာလာရောက်ပို့ဆောင်ခွင့်မရတာ ခြောက်လကျော်ကြာရှိနေပြီး အခုအခါ ဆန်ကြမ်းနဲ့ ငပိကိုသာ စားသုံးနေရတယ်လို့ ဆိုပါတယ်။

အကျဥ်းသားတွေဟာ ဗီတာမင်ဓာတ်ပြည့်ဝတဲ့ အစားအသောက်တွေကို စားသုံးရတာမရှိသလို အချုပ်ခန်းပြင်ပမှာ သွားလာချိန် လွန်စွာနည်းပါးပြီးကိုယ်လက်လှုပ်ရှားအားကစားတွေလုပ်ခွင့် ကန့်သတ်ခံထားရတဲ့အတွက် လက်ရှိမှာ ကျန်းမာရေးထိခိုက်လာသူတွေ များလာနေတယ်လို့ PPNM က ပြောပါတယ်။

လွိုင်ကော်အကျဉ်းထောင်မှာ စားနပ်ရိက္ခာပြတ်လတ်မှုနဲ့အတူ ကျန်းမာရေးချို့ယွင်းလာသူတွေအနေနဲ့ အာဟာရပြတ်လတ်ပြီး အချိန်မရွေး သေဆုံးသွားနိုင်တဲ့အန္တရာယ်နဲ့ ရင်ဆိုင်နေရလို့ ကျန်းမာရေးကိစ္စတွေနဲ့ အခြေခံစားသောက်ကုန်တွေ ပို့ဆောင်ပေးနိုင်ရေး အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) က ကူညီလုပ်ဆောင်ပေးဖို့လည်း တောင်းဆိုထားပါတယ်။

လွိုင်ကော်အကျဉ်းထောင်က အကျဉ်းသားတွေအတွက် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေ (UN)နဲ့ နိုင်ငံတကာ လူအခွင့်အရေးအဖွဲ့အစည်းတွေအနေနဲ့ ကူညီဆောင်ရွက်ပေးဖို့ အထူးလိုအပ်နေတယ်လို့လည်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က တိုက်တွန်းထားပါတယ်။  

လွိုင်ကော်အကျဥ်းထောင်က အကျဉ်းသားတွေ စားနပ်ရိက္ခာလုံလောက်စွာမရရှိတဲ့အကြောင်းနဲ့ပတ်သက်ပြီး ကယားပြည်နယ် အကျဉ်းဦးစီးဌာနကို တယ်လီဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံမဖြေဆိုပါဘူး။ 

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။