ဒေါ်အောင်ဆန်းစုကြည်ကျန်းမာရေး အာဆီယံခေါင်းဆောင်တွေ စိုးရိမ်
2023.09.07
အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာကျင်းပနေတဲ့ အာဆီယံထိပ်သီးညီလာခံအတွင်း မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ကျန်းမာရေး အခြေအနေနဲ့ပတ်သက်ပြီး အာဆီယံခေါင်းဆောင်တချို့က မေးခွန်းထုတ်နေကြသလို စိုးရိမ်ပူပန်နေကြတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနအကြီးတန်းအရာရှိ Daniel Kritenbrink က ပြောဆိုကြောင်း ဒီကနေ့ထုတ် ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
စစ်ကောင်စီရဲ့ နှစ်ရှည် ထောင်ဒဏ်တွေချမှတ်ခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ နာမကျန်းဖြစ်နေပြီး အကျဥ်းဦးစီးဌာနက ဆရာဝန်တစ်ယောက်က ကုသပေးနေပေမဲ့ သက်ဆိုင်ရာ အထူးကုနဲ့တွေ့ဖို့တောင်းဆိုတာကို စစ်ကောင်စီက ငြင်းပယ်ထားတယ်လို့လည်း သတင်းမှာရေးသားထားပါတယ်။
ထောင်ဒဏ် ၂၇ နှစ် ချမှတ်ခံထားရတဲ့ အသက် ၇၈ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်ဟာ သွားဖုံးရောင်တာနဲ့ သွားကိုက်ဝေဒနာကို မကြာခဏ ခံစားနေရတာကြောင့် ပြင်ပက သွားဆရာဝန်နဲ့ ကုသနိုင်ဖို့ ထောင်အာဏာပိုင်တွေကို ကိုယ်တိုင် ပြီးခဲ့တဲ့သီတင်းပတ်က တောင်းဆိုထားပေမယ့် စက်တင်ဘာ ၅ ရက်နေ့အထိ ခွင့်မပြုသေးဘူးလို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။
ထောင်အာဏာပိုင်တွေက ဒီကိစ္စကို ပြည်ထဲရေးဝန်ကြီးဌာနအထိ အဆင့်ဆင့် တင်ပြထားပြီး အခုချိန်ထိ အကြောင်းပြန်မလာသေးဘူးလို့ အကျဉ်းထောင်နဲ့ နီးစပ်သူတစ်ဦးက RFA ကို ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ သား ကင်မ်အဲရစ် (ခေါ်) ကိုထိန်လင်းကလည်း သူ့ရဲ့မိခင် အရေးပေါ်ကျန်းမာရေး စောင့်ရှောက်မှု လိုအပ်လို့ တောင်းဆိုတာကို ငြင်းပယ်ထားတဲ့အတွက် စိုးရိမ်ပူပန်မိတယ်လို့ စက်တင်ဘာ ၄ ရက်နေ့က The Independent သတင်းဌာနကို ပြောပါတယ်။