နိုင်ငံရေးဆွေးနွေးပွဲကြီး ပြုလုပ် သွားမယ်လို့ သမ္မတ ဦးသိန်းစိန် ပြောကြား


2014.03.29
utheinsein-utinoo-305.jpg ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အဆောက်အဦမှာ မတ်လ ၂၉ ရက်နေ့က နိုင်ငံတော်သမ္မတနဲ့ နိုင်ငံရေးပါတီတွေ တွေ့ ဆုံပွဲမှာ သမ္မတ ဦးသိန်းစိန်နဲ့ NLD ခေါင်းဆောင်တစ်ဦးဖြစ်သူ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်ဦးတို့ကို တွေ့ရစဉ်
photo: Kyaw Zaw Win/RFA

ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စု တစ်ခု ပေါ်ပေါက်လာရေးကို ဦးတည်ပြီး နိုင် ငံရေးဆွေးနွေးပွဲကြီးတစ်ခု ပြုလုပ်သွားမယ် လို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဒီကနေ့ ပြောကြားလိုက်ပါတယ်။

ဒီနေ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အဆောက်အဦမှာ နိုင်ငံတော်သမ္မတ နဲ့ နိုင်ငံရေးပါတီတွေ တွေ့ဆုံပွဲအခမ်းအနား အဖွင့်မိန့်ခွန်းမှာ သမ္မတဦးသိန်းစိန်က အခုလို ပြောကြားခဲ့တာပါ။

"အမျိုးသားပြန်လည် ရင်ကြားစေ့ရေး နဲ့ ပြည်တွင်းငြိမ်းချမ်းရေးကို ရရှိဖို့အတွက် အခြေခံကျတဲ့ နိုင်ငံရေးပြဿနာတွေ ကို ဖြေရှင်းရမယ်ဆိုတာကို အားလုံး သဘောပေါက်ကြပြီး ဖြစ်ပါတယ်၊ ဒါကြောင့် တိုင်းရင်းသာတွေရဲ့ တန်းတူရေးဆိုတဲ့ သဘောတရားအပေါ်မှာ အခြေခံ တဲ့ ပြည်ထောင်စုဖွား လူမျိုးစုအားလုံး အပြန်အလှန်အသိအမှတ်ပြုတဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုတစ်ခု ပေါ်ပေါက်လာရေးကို ဦးတည်ပြီး နိုင်ငံရေးဆွေးနွေးပွဲကြီးကို ပြုလုပ်သွားဖို့အတွက် ကျနော်တို့ ကြိုးပမ်းဆောင်ရွက်နေပါတယ်"

ဒါ့အပြင် နိုင်ငံရေးပါတီတွေ လိုလားချက်တစ်ခုဖြစ်တဲ့ ဖွဲ့စည်းပုံအခြေခံ ပြင်ဆင်ရေးဆိုင်ရာ ကိစ္စရပ်တွေကို လည်း ဆွေးနွေးနိုင်ဖို့ အဖွဲ့အစည်းအားလုံးပါတဲ့ နိုင်ငံရေးဆွေးနွေးပွဲကြီးမှာ လမ်းဖွင့်ထားမှာဖြစ်ကြောင်း လည်း ပြောပါတယ်။ အဲဒီလို နိုင်ငံရေးဆွေးနွေးပွဲကြီးဟာ အချုပ်အခြာအာဏာကို ထိပါးတဲ့ကိစ္စနဲ့ ပြည်ထောင်စုက ခွဲထွက်မယ့်ကိစ္စတွေကလွဲရင် ကိစ္စအားလုံးကို ဆွေးနွေးနိုင်မယ့် နိုင်ငံရေးဆွေးနွေးပွဲ ဖြစ်လာမယ်လို့လည်း နိုင်ငံတော်သမ္မတက ပြောခဲ့ပါတယ်။

ဒီနေ့ နိုင်ငံတော်သမ္မတနဲ့ နိုင်ငံရေးပါတီတွေ တွေ့ဆုံပွဲကို နိုင်ငံရေးပါတီ ၆၅ ပါတီရှိတဲ့အနက် ၆၃ ပါတီက တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပါတယ်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ဟာ နိုင်ငံရေးပါတီ ၆၀ ကျော်က ခေါင်းဆောင်တွေ တွေ့ဆုံပွဲကို တက်ရောက်သတင်းရယူခဲ့တဲ့ RFA သတင်းထောက် ကိုနေမျိုးထွန်း တင်ပြထားတာ နားဆင်နိုင်ပါတယ်။

သမ္မတဦးသိန်းစိန်နဲ့ နိုင်ငံရေးပါတီ ၆၀ ကျော်က ခေါင်းဆောင်တွေ တွေ့ဆုံပွဲကို တက်ရောက်ခဲ့တဲ့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးဖြစ်သူ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီးဟောင်း သူရ ဦးတင်ဦးကို RFA အဖွဲ့သား ကိုကျော်ကျော်အောင်က ဆက်သွယ်မေးမြန်းထားတာကိုလည်း နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။