မွန်ပြည်သစ်ပါတီ အဌမ အကြိမ်မြောက် ပါတီညီလာခံ ကျင်းပ
2015.12.27
အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေးသဘောတူညီမှုရယူထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တစ်ဖွဲ့ဖြစ်တဲ့ မွန်ပြည်သစ်ပါတီ NMSP ရဲ့ အဌမအကြိမ်မြောက် ပါတီညီလာခံကို ပါတီ ဗဟိုဌာနချူပ်ရှိရာ ရေးချောင်းဖျား ဒေသမှာ ဒီကနေ့ ဒီဇင်ဘာ ၂၇ ရက်နေ့က စတင် ကျင်းပနေပါတယ်။
လက်ရှိနိုင်ငံရေးအခြေအနေတွေအပြင် ငြိမ်းချမ်းရေးကိစ္စတေ နဲ့ ပါတီရဲ့ ရှေ့လုပ်ငန်းစဉ်တွေကို အဓိက ဆွေးနွေး ကြမယ်လို့ မွန်ပြည်သစ်ပါတီ ဗဟိုအလုပ် အမှုဆောင်အဖွဲ့ဝင် နိုင်ရွှေသိန်း က RFA ကို ပြောဆိုပါတယ်။
"ညီလာခံမှာက အထွေထွေပဲ၊ အထွေထွေဆိုတာက အခုလက်ရှိဖြစ်ပေါ်နေတာတွေကို ဆွေးနွေးကြတယ်၊ ပြန် တင်ပြကြတယ်၊ အခုဖြစ်ပေါ်နေတဲ့နိုင်ငံရေး ကိုလဲ ဆွေးနွေးတယ်၊ ပါတီတွင်းမှာဖြစ်နေတဲ့ ပြဿနာတွေအားလုံး ကိုလဲဆွေးနွေးတယ်၊ ပါတီညီလာခံမှာ နောက်လာမယ့် အနာဂါတ် မွန်တွေရဲ့ငြိမ်းချမ်းရေး လမ်းစဉ်ပဲပြောပြော၊ ငြိမ်းချမ်းရေးနဲ့ ပတ်သတ်တာတွေပဲပြောပြော၊ ဒါတွေဆွေးနွေးတယ်၊ နောက်မွန် အချင်းချင်းအားလုံးသဘောတူညီ ချက်ရအောင် ဘာတွေ လုပ်ရင်ကောင်းမလဲ ဆိုတာကို တစ်ခါပြန်ဆုံးဖြတ်ရတယ်"
ဒီညီလာခံကို မွန်ပြည်သစ်ပါတီက ပါတီဝင် ကိုယ်စားလှယ် ၂၀၀ နီးပါးတက်ရောက် နေကြပြီး၊ ပါတီဖွဲ့စည်းပုံ အခြေခံ ဥပဒေကိစ္စ၊ နိုင်ငံရေး လမ်းစဉ်၊ ရှေ့လုပ်ငန်းစဉ်တွေကို သုံးသပ်ဆွေးနွေးဆုံးဖြတ်ကြမှာဖြစ်ပါတယ်။ ဒါ့ပြင် ပါတီတစ်ခု လုံးရဲ့ ဥက္ကဌ၊ ဒုဥက္ကဌ အပါအဝင် ဗဟိုလုပ်အလုပ်အမှုဆောင် အဖွဲ့နဲ့ ဗဟိုကော်မတီဝင်တွေကိုလည်း ပြန်လည် ရွေးချယ် ကြမယ်လို့ သိရပါတယ်။
မွန်ပြည်သစ်ပါတီကို ၁၉၅၈ ခုနှစ်မှာ နိုင်ရွှေကျင် ဦးဆောင်ပြီး စတင်ဖွဲ့စည်း တည်ထောင်ခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ် ဖေဖေါ်ဝါရီလမှာ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနဲ့ အပစ်အခတ်ရပ်စဲရေး သဘော တူညီမှုလက်မှတ်ရေးထိုးခဲ့ပါတယ်။