ဇိုမီးအမည်သုံးစွဲရေး မျိုးနွယ်စု ၁၀ စုကို စည်းရုံးလှုပ်ရှား


2014.01.25
zomi-chair-man-b305 ၂၀ ကြိမ်မြောက် ဇိုမီးအမျိုးသားကွန်ကရက်ပါတီ ညီလာခံ၌ ပါတီ ဥက္ကဋ္ဌ ပူးကျင့်ရှင်းထန် မိန့်ခွန်းပြောကြားနေစဉ်။
Photo courtesy of ZNC

လာမယ့် မတ်လ သန်းခေါင်စာရင်း ကောက်ယူတဲ့အခါ  ဇိုမီး ဆိုတဲ့ အမည်တစ်ခုကိုသာ တစုတစည်းတည်း အသုံးပြုကြဖို့ ဇိုမီးမျိူးနွယ်စုတွေ အများစုနေထိုင်ကြ တဲ့ဒေသတွေမှာ ဇိုမီးဒီမိုကရေစီအဖွဲ့ချူပ် ZCD က စည်းရုံးလှုံ့ဆော်မှုတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

သန်းခေါင်စာရင်း ကောက်ယူမယ့်အစီစဉ်နဲ့ ပတ်သက်ပြီး ဇိုမီးမျိူးနွယ်စုတွေ အများစုနေထိုင်တဲ့ စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ ဂါလီလဲ ဘုရားကျောင်းမှာ ဇိုမီးဒီမိုကရေစီအဖွဲ့ချူပ် က တွေ့ဆုံဆွေးနွေးပွဲတစ်ရပ် မနေ့က ကျင်းပခဲ့တယ်လို့ ဇိုမီးဒီမိုကရေစီအဖွဲ့ချူပ် အထွေထွေအတွင်းရေးမှူး ပူးဂင်ကမ်းလျန်က RFA ကို ပြောပါတယ်။

နိုင်ငံတော်အစိုးရက ချင်းလူမျိူး ၅၃ မျိူးထဲမှာ ထည့်သွင်းထားတဲ့ ခေါနို၊ ဂွီသယ်၊ စီးရင်း၊ ဆိုင်းဇမ်၊ ဇို၊ ဟိုင်ဒင်း၊ တေဇမ်း၊ သာဒို၊ ဒင် နဲ့ ဟွမ်ဂို စတဲ့ မျိူးနွယ်စု ၁ဝ မျိုးတို့ဟာ ဇိုမီးလူမျိူးုတွေဖြစ်ကြပြီး ဒီမျိူးနွယ်စုတွေအနေနဲ့ လာမယ့် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူတဲ့အခါမှာ ဇိုမီးဆိုတဲ့ အမည်နာမတစ်ခုတည်းကိုသာ အသုံးပြုသွားဖို့ ခုလိုလိုက်လံရှင်းပြနေတာ ဖြစ်တယ်လို့ ပူးဂင်ကမ်းလျန်က ဆက်ပြောပါတယ်။

ဇိုမီးမျိုးနွယ်စုတွေ အများစုနေထိုင်ကြတဲ့ ချင်းပြည်နယ် အထက်ပိုင်း တီးတိန်၊ တွန်းဇံနဲ့ ကျီခါးမြို့နယ် တွေမှာလည်း စည်းရုံးလှုံ့ဆော်မှုတွေ ဆက်လက်ပြုလုပ်သွားမှာဖြစ်ပြီး နယ်တွေအထိ ကွင်းဆင်းလေ့လာမယ့် လူငယ်အဖွဲ့တွေကို သင်တန်းပေးနေပြီလို့ သိရပါတယ်။

မနေ့က ဆွေးနွေးပွဲမှာ ဒေသတွင်းအခြေစိုက် ဘုရားကျောင်း ၈၃ ကျောင်းမှ ပါစတာ၊ အသင်းလူကြီးနဲ့ အသင်းသူအသင်းသား စုစုပေါင်း ၆၀၀ ခန့်တက်ရောက်ခဲ့ကြပြီး သန်းခေါင်စာရင်းမှာ ဇိုမီးကို အသုံးပြုဖို့ သဘောတူခဲ့ကြတယ်လို့ ပူးဂင်ကမ်းလျန်က ပြောပါတယ်။

ဇိုမီးလူမျိုးတွေဟာ တီးတိန်၊ တွန်းဇံ၊ ကျီခါး၊ တမူး၊ ကလေး၊ မန္တလေးနဲ့ ရန်ကုန်မြို့နယ်တွေမှာ ပျံ့နှံ့နေထိုင်ကြပြီး လူဦးရေ ၃ သိန်းကျော်ခန့်ရှိတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။