သူရဦးရွှေမန်း ထုတ်ပယ်ခံရခြင်း မရှိကြောင်း ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီပြော
2015.11.04

ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းကို ပါတီဝင်အဖြစ်ကနေ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီက ထုတ်ပယ်လိုက်တယ် ဆိုတဲ့ သတင်းတွေ ဟာ ကောလာဟလသာဖြစ်တယ်လို့ နေပြည်တော် ပါတီဌာနချုပ် တာဝန်ရှိသူတစ်ဦးက ဒီကနေ့ ပြောလိုက်ပါတယ်။
သူရဦးရွှေမန်းကို ပါတီကနေ ထုတ်ပယ်လိုက်တယ်လို့ ဖေ့ဘွတ်စ်မှာ ပြန့်နှံ့နေတာဟာ မဟုတ်မှန်ကြောင်း ပါတီရဲ့ ပြည်သူ့ဆက်ဆံရေးဌာန၊ ဌာနမှူး ဦးကျော်သူရက သတင်းမီဒီယာသမားတွေကို ပြောပါတယ်။
"အစည်းအဝေးလဲမရှိဘူး၊ လူကြီးတွေလည်းမရှိဘူး၊ ကျနော်တို့ဒီမှာရှိတဲ့ ပြည်ထောင်စု နယ်မြေ အောင်နိုင်ရေးကော်မတီနဲ့ ကျနောတို့ဌာနချုပ်မှာ ရှိတဲ့လူတွေ ပူးပေါင်းပြီးတော့ သင်တန်းဖွင့်တယ်၊ ဒီသတင်းက ကောလာဟလ သတင်း၊ ကျနော်တို့လည်းပြန်ပြီးတော့ ချေဖျက်ပါမယ်၊ တရားဝင် ဝက်ဘ် ဆိုက်ဖြစ်တဲ့ USDP ဝက်ဘ်ဆိုက်ရယ်၊ နောက် Facebook တို့၊ ပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဆိုက် တို့မှာ ပြန်ပြီးတော့ရေးပေးပါမယ်၊ ဒီချိန်မှာ ရွေးကောက်ပွဲနီးလာတဲ့ အခါကျတော့ ကောလာဟလတွေကတော့ ရှိလာမှာပဲ၊ ကျနော်တို့ နိုင်ငံရေးအနေအထားကတော့ ဒါကောလာဟလဖြစ်တဲ့အကြောင်း ကျနော်လာပြောတာ"
မနေ့က ကျင်းပတဲ့ ကြံ့ခိုင်ဖံ့ွဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးမှာ သူရဦးရွှေမန်းကို ပါတီဝင် အဖြစ်ကနေ ထုတ်ပယ်ဖို့ ဆုံးဖြတ်လိုက် တာဖြစ်ကြောင်း ဖေ့စ်ဘွတ်မှာ ကောလယဟလ သတင်းတွေ ထွက်ပေါ်နေ တာဖြစ်ပါတယ်။
သူရဦးရွှေမန်းဟာ ပြီးခဲ့တဲ့ သြဂုတ်လက ပါတီရဲ့ ပူးတွဲဥက္ကဌ တာဝန်ကနေ ဖယ်ရှားခံထားရတာဖြစ်ပြီး လက်ရှိ ပါတီဝင်အဖြစ် ဖြူးမြို့နယ်ကနေ ရွေးကောက်ပွဲ ဝင်မှာဖြစ်ပါတယ်။
သူရဦးရွှေမန်းဟာ သူ့ရဲ့မဲဆန္ဒနယ်ဖြစ်တဲ့ ဖြူးမြို့နယ်က ကျေးရွာတွေမှာ ဒီနေ့ မဲဆွယ်စည်းရုံးရေးဆင်းနေ တာဖြစ်ပါတယ်။
ဒီအကြောင်း RFA အဖွဲ့သူ ဒေါ်ခင်ခင်အိ တင်ပြထားတာ နားဆင်နိုင်ပါတယ်။