လွှတ်တော်မှာ သတင်းထောက်တွေ ထိန်းချုပ်ပိတ်ပင်ခံရမှု သူရဦးရွှေမန်းထံ တင်ပြ
2015.05.28

ပြည်ထောင်စုလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော်တို့မှာ သတင်းရယူနေတဲ့ မီဒီယာတွေကို သတင်းဓာတ်ပုံနဲ့ ရုပ်သံ ရိုက်ကူးခွင့် တားမြစ်ခံရတာကို ဖြေရှင်းပေးဖို့အတွက် မြန်မာသတင်းသမားများကွန်ရက်က ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းထံ ဒီနေ့ စာပေးပို့တင်ပြလိုက်ပါတယ်။
သတင်းမီဒီယာသမားတွေအတွက် သတင်းယူခွင့်ပေးထားတဲ့နေရာဟာ ပုံနှိပ်မီဒီယာတွေအတွက် အဆင်ပြေပေမယ့် ရုပ်သံမီဒီယာတွေအတွက် အဆင်မပြေဘူးလို့ လွှတ်တော်မှာ သတင်းယူနေတဲ့ မြန်မာသတင်းသမားများကွန်ရက် အတွင်းရေးမှူး ကိုအောင်သူရက ပြောပါတယ်။
"ပြည်သူ့လွှတ်တော် ညွှန်ကြားရေးမှူးရုံးက ဗိုလ်မှူးကြီးကလာပြီး ရှင်းပြတယ်ပေါ့၊ ဒီနေရာမှာတော့နေလို့ရတယ်၊ ဒါပေမဲ့ ဓါတ်ပုံရိုက်တာတို့ ဗွီဒီယိုရိုက်တာတို့တော့ မရဘူး၊ အဲ့လိုရိုက်ဖို့အတွက် နေရာတစ်ခု ထပ်စီစဉ်ပေး မယ်ပေါ့နော်၊ ကျနော်တို့ ဒါကို ယေဘုယျ သဘောတူလိုက်တယ်၊ တကယ်လို့ အဲ့နေရာအဆင်မပြေရင် ပြန်ပြော မယ်ဆိုပြီးတော့ ပြောထားတာပေ့ါ၊ သူတို့ပေးတဲ့နေရာက ပုံနှိပ်မီဒီယာတွေအတွက် အဆင်ပြေနိုင်ပေမဲ့ ရုပ်သံသမား ဓါတ်ပုံသမားတွေအတွက်တော့ အဆင်မပြေနိုင်ဘူးလို့ထင်တယ်"
ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ် လွှတ်တော်အစည်းအဝေးတွေ စတင်ကျင်းပချိန်ကစပြီး ပြည်သူ့လွှတ်တော် နဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေး ကျင်းပနေတာကို တိုက်ရိုက်ရိုက်ကူးနိုင်ခဲ့ပါတယ်။
ဒီလ ၂၆ရက်နေ့က ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကစပြီး လွှတ်တော်အစည်းအဝေးကို ထုတ်လွှင့်ပြသနေတဲ့ တီဗီဖန်သားပြင်ကနေတဆင့်သာ ရိုက်ကူးခွင့်ပေးတာဖြစ်ပါတယ်။
အဲ့ဒီလိုဓာတ်ပုံနဲ့ ရုပ်သံရိုက်ကူးခွင့်ကို ပိတ်ပင်လိုက်တာဟာ ပြည်သူ၊ အစိုးရနဲ့ နိုင်ငံရေးပါတီတွေအကြား သတင်းစီးဆင်းမှုကို လျော့ကျစေတယ်လို့ သူရဦးရွှေမန်းထံ ပေးပို့တဲ့စာထဲမှာ ဖော်ပြပါရှိပါတယ်။