သူရ ဦးရွှေမန်း ပြော စကား ဒေါ်အောင်ဆန်းစုကြည် ကြိုဆို


2015.05.08
ushwemann-us-305.jpg အမေရိကန်ကိုရောက်ရှိနေတဲ့ သူရဦးရွှေမန်းကို တွေ့ရစဉ်
Photo: RFA

အတိုက်အခံခေါင်းဆောင်နဲ့ မဟာမိတ်ဖွဲ့ဖို့ လမ်းဖွင့် ထားကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဌ သူရ ဦးရွှေမန်း အမေရိကန်မှာ ပြောကြားခဲ့တဲ့အပေါ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က မနေ့က ချီးမွမ်းထောပနာပြုလိုက်ပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်က အမေရိကန်ပြည်ထောင်စု ကိုရောက်ရှိခဲ့တဲ့ သူရဦးရွှေမန်းက ဝါရှင်တန်မှာ ကျင်းပခဲ့တဲ့ မြန်မာ့အရေးဆွေးနွးပွဲမှာ ညွန့်ပေါင်းအစိုးရ ဖွဲ့နိုင်ခြေကိစ္စနဲ့ ပတ်သက်တဲ့မေးခွန်းကို အခုလို ဖြေ ကြားခဲ့ပါတယ်။

"NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ကျနော်ဟာ မိတ်ကောင်းဆွေကောင်းဖြစ်သလို တစ်ဖက်က ပြိုင်ဆိုင်မှုကောင်းမယ့် သူများပဲဖြစ် ပါတယ်၊ ရွေးကောက်ပွဲ ညွှန့်ပေါင်းအစိုးရဖွဲ့စည်းမယ့် ကိစ္စနဲ့ ပတ်သက်လို့ နိုင်ငံအတွက် အများပြည်သူ အတွက်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီနေ့ရော မနက်ဖြန်ရော အနာဂါတ်အတွက်ရော ပူးပေါင်းဆောင် ရွက်ဖို့ အဆင်သင့်ရှိပါတယ်"

သူရဦးရွှေမန်းရဲ့ ပြောဆိုချက်နဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က အဲဒီ့လိုပူးပေါင်းဆောင်ရွက်လိုတဲ့ စိတ်ဓါတ်ဟာ အင်မတန်ကောင်းပါတယ်၊ ကျမတို့ကြိုဆိုပါတယ်လို့ AFP သတင်းကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးမှာ ပြောကြားခဲ့ပါတယ်။

၂၀၀၈ အခြေခံဥပဒေက ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတအဖြစ် အရွေးခံခွင့်ပိတ်ပင်ထားရာမှာ၊ တခြားထင်ရှားပြီး သြဇာကြီးတဲ့ အတိုက်အခံခေါင်းဆောင်ရယ်လို့လည်း ပေါ်ထွက်မလာသေးတဲ့အတွက်၊ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ အရင်စစ်အစိုးရလက်ထက်က တတိယအဆင့် ခေါင်းဆောင်ဖြစ်ခဲ့ပြီး၊ အခု ပြည်သူ့လွှတ်တော်ဥက္ကဌ တာဝန်ယူထားတဲ့ သူရ ဦးရွှေမန်းနဲ့ ညွှန့်ပေါင်းအစိုးရ ဖွဲ့ကောင်းဖွဲ့နိုင်တယ်ဆိုတဲ့ မှန်းဆချက်တွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာနေတယ်လို့ AFP သတင်း ကဖေါ်ပြပါတယ်။

ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ညွှန်းပေါင်းအစိုးရဖွဲ့စည်းရေးနဲ့ ပတ်သက်ပြီး သူ့ရဲ့သဘောထားကိုတော့ ဖွင့်ဟထုတ်ဖေါ်မပြောဆိုခဲ့ပါဘူး။

NLD ပါတီ ပြောခွင့်ရသူ ဦးဉာဏ်ဝင်းကလည်း အဖွဲ့ချုပ်အနေနဲ့ တခြားပါတီတွေနဲ့ ပူးပေါင်းဖို့ မူဝါဒချမှတ်ထားတာမရှိသေးပါဘူးလို့ ပြောဆိုကြောင်း AFP သတင်းက ဖေါ်ပြပါတယ်။

ဒါ့ပြင် လာမယ့်ရွေးကောက်ပွဲကို သပိတ်မှောက်တန်မှောက်ရလိမ့်မယ် ဆိုတာကလည်း ရွေးချယ်စရာနည်းလမ်း တစ်ခုအဖြစ် ဆက်ရှိနေဆဲဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ဒီနှစ်ဆန်းပိုင်းမှာ ပြောဆိုထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။