အမွေကောင်း ရချင်တယ် ဆောင်းပါးကိစ္စ သူရဦးရွှေမန်း စိစစ်ပေးမည်
2015.06.17

နေပြည်တော် စည်ပင်ဧည့်ရိပ်သာမှာ နေထိုင်ကြတဲ့ လွှတ်တော်ကိုယ်စားလှယ် တစ်ရာကျော်လောက်ရဲ့ အခန်းတွေကို ဧည့်ရိပ်သာဝန်ထမ်းတွေက "အမွေကောင်းကောင်းရချင်တယ်" ဆိုတဲ့ အစိုးရသတင်းစာပါ ဆောင်း ပါးကို မိတ္တူတွေ ဝေငှခဲ့တာဟာ မလုပ်သင့်တဲ့ လုပ်ရပ်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က ဒီနေ့ ပြည်သူ့လွှတ်တော်မှာ တင်ပြခဲ့ပါတယ်။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က တရားဝင်မဖြန့်ဝေဘဲ အခုလို လုပ်ဆောင်တာဟာ ကိုယ်စားလှယ်တွေရဲ့ ဂုဏ်သိက္ခာကို မလေးမစား လုပ်တာ ဖြစ်ကြောင်း အခုလို တင်ပြခဲ့ပါတယ်။
"ညနေ ၆ နာရီခန့်က ကျနော်တို့လွှတ်တော်ကိုယ်စားလှယ်တွေ တည်းခိုဆောင်ဖြစ်တဲ့ စည်ပင်ဧည့်ရိပ် သာဆောင်မှာ စည်ပင်ဝန်ထမ်းတွေက စာရွက်များပါတဲ့ စာအိတ်တွေကို ပြန်ကြားရေးဝန်ကြီးဌာန မှ ပေးခိုင်းသဖြင့် လာရောက်ပေးရကြောင်းပြောဆိုပြီး လွှတ်တော်ကိုယ်စားလှယ်အခန်း တစ်ခန်းချင်းစီကို တံခါးခေါက် ပြီး လာပေးပါတယ်၊ လွှတ်တော်ကိုယ်စားလှယ်တွေကို တရားဝင်ဝေသင့်ပါလျှက်နဲ့ တရားဝင်မဝေဘဲ လွှတ်တော်ကိုယ်စားလှယ်တွေကို စိတ်အနှောင့် အယှက်ဖြစ်အောင်သော် လည်းကောင်း၊ တခြားရည်ရွယ်ချက်နဲ့သော်လည်းကောင်း ဝေခြင်းဟာ မသင့်လျော်သည့်အတွက် ဆက်လက်ပြီးဝေနေမယ် ဆိုရင် လွှတ်တော်ကနေ ဒီကိစ္စမျိုးကို ထိန်းကျောင်းပေးဖို့လိုအပ်မှာ ဖြစ်ပါတယ်၊ လွှတ်တော်ကိုယ်စားလှယ် များရဲ့ဂုဏ်သိက္ခာကို မလေးမစားပြုခြင်းကဲ့သို့ တရားမဝင်ဖြစ်တဲ့ ဖြန့်ဝေတဲ့စာများ ဝေငှခြင်းတွေကို ရပ်ဆိုင်းပေးစေလိုပါတယ်"
ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းက အဲဒီလိုစာဖြန့်ဝေတဲ့ကိစ္စကို စိစစ်ပေးမှာ ဖြစ်ကြောင်း ပြောကြားခဲ့ ပါတယ်။
အဲဒီလို ဖြန့်ဝေတာဟာ ပြန်ကြားရေးဝန်ကြီးဌာနကဝေတဲ့ စာအိတ်ဆိုပြီး လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်းက သူ့ရဲ့အင်တာနက်ဖေ့စ်ဘွတ်စာမျက်နှာမှာ တင်ထားလိုက်ရာမှာ ပြန်ကြားရေးဝန်ကြီးဌာန၊ ဝန်ကြီး ဦးရဲထွဋ်က အထောက်အထား မခိုင်လုံတဲ့အတွက် ပြန်လည်ရုပ်သိမ်းပေးဖို့ တောင်းဆိုရေးသားထားပါတယ်။
"အမွေကောင်းကောင်းရချင်တယ်" ဆောင်းပါးဟာ ပြည်ထောင်စုလွှတ်တော်မှာ တင်ထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်တဲ့ မူကြမ်းကို ကန့်ကွက် တဲ့ သဘောမျိုးရေးသားထားတာဖြစ်ပြီး ပြင်ဆင်ချက်တွေဟာ သမ္မတအုပ်ချုပ်တဲ့စနစ်ကနေ ပါလီမန်ဒီမိုကရေစီစနစ်ကို ပြောင်းဖို့ကြိုးစားထား တာဖြစ်ကြောင်း ဝေဖန်ရေးသား ထားတာဖြစ်ပါတယ်။