ဆီးဂိမ်း အားကစားသမားများ သူရဦးရွှေမန်း တွေ့ဆုံအားပေး
2013.11.24
မြန်မာနိုင်ငံဟာ နိုင်ငံတကာနဲ့တန်းတူ ဖွံ့ဖြိုးတိုးတက်ဖို့ စိတ်ဓာတ်တွေ အောင်နိုင်စိတ်တွေမွေးမြူပြီး မြန်မာပြည်သူတွေ နိုးကြားလာအောင် ဆောင်ရွက်နိုင်ဖို့ အရှေ့တောင်အာရှ အားကစားပွဲတော်က အရေးကြီးတယ်လို့ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ဆီးဂိမ်းပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မယ့် အားကစားသမားတွေကို ဒီနေ့တွေ့ဆုံရာမှာ အားပေးပြောကြားလိုက်ပါတယ်။
၂၇ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မယ့် အားကစားသမားတွေကို မနေ့က နေပြည်တော်ဝဏ္ဏသိဒ္ဒိ အားကစားကွင်းမှာ တွေ့ဆုံပြီး ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက အခုလိုပြောခဲ့တာပါ။
“ဒီအားကစားပြိုင်ပွဲကြီးကနေတဆင့် ကျနော်တို့ မြန်မာနိုင်ငံ သူများကိုမှီအောင်လိုက်ဖို့အတွက် စိတ်ဓာတ်တွေ၊ စည်းကမ်းတွေ၊ အောင်နိုင်စိတ်တွေမွေးမြူပြီး မြန်မာပြည်သူအများကို ထလော့မြန်မာလို့ နိုးပေးနိုင်မယ့်အခွင့်အလမ်းပါ၊ ဒါကြောင့်မို့ မိမိတို့မြန်မာနိုင်ငံဟာ တခြားနိုင်ငံနဲ့ တန်းတူညီတူ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ကျနော့်အနေနဲ့ ပြည်သူများရဲ့ကိုယ်စား တိုက်တွန်းဂုဏ်ပြုလိုတာကတော့ ဒီအားကစားပွဲကြီးက မြန်မာနိုင်ငံသားများကို နိုးကြားပေးနိုင်ဖို့အတွက် တိုက်တွန်းပါတယ်”
ဒါ့အပြင် အဲ့ဒီအားကစားပြိုင်ပွဲကို အောင်မြင်အောင်ကျင်းပပြီး နိုင်ငံ့ဂုဏ်သိက္ခာကို ပြသခြင်းဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးအတွက် အထောက်အကူပြုမှာဖြစ်တယ်၊ အဲ့ဒီအားကစားပြိုင်ပွဲတွေမှာ အားကစားသမားတွေဟာ ထိုက်သင့်တဲ့ အောင်မြင်မှုတွေရရှိဖို့နဲ့ ဆီးဂိမ်းပြိုင်ပွဲကျင်းပပြီးတဲ့နောက် ဖြစ်ပေါ်လာမယ့် လူမှုရေး စီးပွားရေးကဏ္ဍတွေကို အရှိန်အဟုန်မြှင့်ဆောင်ရွက်ဖို့ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ ကျင်းပတာဖြစ်တယ်လို့လည်း ဆိုပါတယ်။
ရှေ့လ ၁၁ ရက်နေ့ မြန်မာနိုင်ငံမှာ စတင်ကျင်းပမယ့် ဆီးဂိမ်းအရှေ့တောင်အာရှ အားကစားပွဲတော် ကို နိုင်ငံပေါင်း ၁၁ နိုင်ငံက အားကစားသမားပေါင်း ၅၀၀၀ကျော် ပါဝင်ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။