အမေရိကန်သံအမတ်ကြီး ကချင်ပြည်နယ်ရောက်ရှိ

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ် မစ္စတာ ဒဲရစ်မစ်ချယ်လ် ဟာ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ကို ဒီဇင်ဘာလ ၁၇ ရက် ဒီကနေ့ ရောက် ရှိလာမယ်လို့ သိရပါတယ်။

2012.12.17
derek-mitchell-b305 မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး မစ္စတာ Derek Mitchell
RFA

ရန်ကုန်အခြေစိုက် အမေရိကန်သံရုံးက ဖိတ်ကြားချက်အရ မြစ်ကြီးနားမြို့မှာ ဒီကနေ့ ည ၇ နာရီ အမေရိကန် သံအမတ်နဲ့ တွေ့ဆုံဖို့ စီစဉ်ထားတယ်လို့ အစိုးရနဲ့ ကေအိုင်အိုအကြား ငြိမ်းချမ်းရေးအကျိုးတော်ဆောင်အဖြစ် ဆောင်ရွက်ပေးနေတဲ့ ငြိမ်းချမ်းရေးဆွေးနွေးရေး အကျိုးဆောင်အဖွဲ့ PCG မှ ဦးဂွမ်ဂျာမိုင်က RFA ကို အခုလိုပြောပါတယ်။

"အမေရိကန်သံအမတ်ကြီးက ကျနော်တို့ ကချင်ပြည်နယ်ကို ဒီကနေ့ပဲ ရောက်လာမယ်လို့ ပြောပါတယ်၊ သူရောက်လာတဲ့အချိန်မှာ ကျနော်တို့ PCG အဖွဲ့တွေကိုလည်း တွေ့ဆုံချင်တယ်လို့ ကျနော်တို့ကို ဖိတ်ထားတာရှိပါတယ်၊ အမေရိကန်သံရုံးကနေ ကျနော်တို့ဆီကို လှမ်းပြီးအကြောင်းကြားတာပါ၊ အကြမ်းဖျင်းတော့ ဘာတွေဆွေးနွေးမယ်ဆိုတာ မသိထားသေးဘူးခင်ဗျ၊ သူတို့ရောက်လာရင် ကျနော်တို့နဲ့တွေ့ဆုံမယ်လို့ပဲ သိထားပါတယ်၊ ကျနော်တို့ ကချင်ပြည်နယ် ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီးမေးလာရင် ကျနော်တို့သိသလောက် အားလုံးပြောဆိုဖို့ အစီအစဉ်ရှိပါတယ်၊ အေးချမ်းဖို့တည်ငြိမ်ဖို့အတွက်လေ၊ ဒါတော့ အဓိကဖြစ်မယ်လို့ ကျနော်တို့ထင်ပါတယ်"

အမေရိကန်သံအမတ်ဟာ သူ့ရဲ့ခရီးစဉ်အတွင်း ကချင်ပြည်နယ်အစိုးရအဖွဲ့နဲ့ တွေဆုံမှာဖြစ်သလို ဒီဇင်ဘာလ ၁၈ ရက်နေ့မှာတော့ ကချင်ပြည်နယ်ထဲက ပြည်တွင်း ပြည်ပလူမှုအဖွဲ့အစည်းတွေနဲ့လည်း တွေ့ဆုံဖို့ရှိတယ်လို့ သိရပါတယ်။

အမေရိကန်သံအမတ်နဲ့ အဖွဲ့ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလကတည်းက ကချင်ပြည်နယ်ကို လာရောက်ဖို့ စီစဉ်ထားပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် မလာရောက်နိုင်ခဲ့ဘူးလို့လည်း မြစ်ကြီးနားမြို့အခြေစိုက် လူမှုအဖွဲ့အစည်းတွေက ဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။