ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ လူထုကို ခြိမ်းခြောက်
2010.10.30

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဟာ နိုင်ငံအနှံ့မှာ နည်းအမျိုးမျိုးနဲ့ စည်းရုံး လုပ်ဆောင်နေရာမှာ ဆွမ်ပရာဘွမ်မြို့မှာတော့ ငွေပေး စည်းရုံးနေတယ်လို့ ကချင်ပြည်နယ်အရေးကို လေ့လာ စောင့်ကြည့်နေတဲ့ ကချင် လူမှုဖွံ့ဖြိုးရေး ကွန်ယက်အဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ဝါက ပြောပါတယ်။
“ဒေသတခုလုံး လိုလိုမှာပဲ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကနေ မဲဆွယ် စည်းရုံးတယ်၊ တချို့ဟာတွေကျတော့ ခန်မိုက်တန် ဟာ ဆိုရင် လူထုကို ငွေပေးစည်းရုံးပြီးမှ သူ့ဆီကို ထည့်ဖို့ ပြောနေတယ်ပေါ့။ ငွေကတော့ ဒီအတိုင်းပေးတယ်။ တချို့ သောင်းချီပြီးမှ ပေးတယ်၊ တသောင်း နှစ်သောင်း စသည်ဖြင့်။ တချို့ဟာတွေက ထောင်ဂဏန်း နီးပါး ပေးတဲ့ဟာမျိုးတွေ ရှိပါတယ်”
ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ခန်မိုက်တန် ဆိုသူဟာ ဟူးကောင်းချိုင့်ဝှမ်းမှာ Season Star ကုမ္ပဏီအမည်နဲ့ ရွှေတူးဖော်နေသူဖြစ်ပြီး ဆွမ်ပရာဘွမ်မြို့နယ် ပြည်သူ့လွတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက် အရွေးခံမှာဖြစ်ပါတယ်။ ဖောင်ယန်ဘောက်ဂျာ အမည်ရှိ အမျိုးသမီးကတော့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်း အနေနဲ့ အဲဒီမြို့နယ်ကပဲ ဝင်ရောက် အရွေးခံမှာ ဖြစ်ပါတယ်။ သူတို့ ၂ ဦးရဲ့ မဲဆွယ် စည်းရုံးရေး ခရီးစဉ်တွေမှာ အာဏာပိုင်တွေက ရဟတ်ယာဉ်တွေပါ အသုံးပြုခွင့် ပေးထားတယ်လို့ သိရပါတယ်။
ဒါ့အပြင် လွန်ခဲ့တဲ့ ၂ ရက်လောက်က ဆွမ်ပရာဘွမ်မြို့မှာ အသက် ၁၈ နှစ် ပြည့်ပြီးသူတွေကို ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီကနေ သူတို့ပါတီကို မဲမထည့်ရင် ဖမ်းဆီး အရေးယူမယ် ဆိုတဲ့အထိ ခြိမ်းခြောက်ပြီး မဲထည့်ခိုင်းနေတယ် လို့လည်း သိရပါတယ်။ ဒါပေမယ့် ပြည်သူအများစုကတော့ လာမယ့် ရွေးကောက်ပွဲကိစ္စကို စိတ်မဝင်စားကြဘူးလို့ ဦးအောင်ဝါက ပြောပါတယ်။
မြစ်ကြီးနားမြို့ အောင်မြေ (၁)၊ အောင်မြေ (၂) ရပ်ကွက်နဲ့ ဝိုင်းမော်မြို့နယ် အတွင်းမှာလည်း ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက အလားတူ ခြိမ်းခြောက်မှုတွေ ရှိနေတယ်လို့ ဦးအောင်ဝါက ပြောပါတယ်။ ဆွမ်ပရာဘွမ်မြို့မှာ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီအပြင် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီကလည်း ဝင်ရောက် အရွေးခံမယ်လို့ သိရပါတယ်။