ရွေးကောက်ပွဲကော်မရှင် ဘက်လိုက်မှုရှိနေတယ်လို့ ယုံကြည်ကြောင်း USDP ပြော
2017.11.23

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဟာ ဘက်လိုက်မှုရှိနေတယ်လို့ ယုံကြည်ကြောင်း ရန်ကုန်မြို့၊ သံလွင်လမ်း မှာပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ နန္ဒာလှမြင့်က ပြောပါတယ်။
ရွေးကောက်ပွဲကော်မရှင်ရဲ့ လုပ်ဆောင်မှုတွေဟာ ဘက်လိုက်မှုတွေရှိနေတယ်လို့ ပြောချင်တာလားဆိုတဲ့ သတင်းထောက်တစ်ယောက်ရဲ့ မေးမြန်ချက်အပေါ် ရှိနေတယ်လို့ ယုံကြည်ကြောင်း ဒေါက်တာနန္ဒာလှမြင့်က ပြန်လည်ဖြေကြားခဲ့တာ ဖြစ်ပါတယ်။
"ဒီပုံစံအတိုင်းဆက်သွားနေမယ်ဆိုရင်တော့ ကျနော်တို့ကတော့ ယုံကြည်မှုမရှိဘူးလို့ပဲ ပြောရမှာပဲ၊ တကယ့်ကို ပါတီတွေကရော ကျနော်တို့ ကော်မရှင်ရဲ့လုပ်ဆောင်ချက်တွေအပေါ်မှာ တကယ့်ကို မှန်မှန်ကန်ကန်မျှမျှတတနဲ့ ပါတီတွေနဲ့ ပူးပေါင်းဆောင်ရွက်မယ်ဆိုရင်တော့ ကြည့်ရမှာပေါ့လေ၊ လက်ရှိအခြေအနေအထိတော့ ယုံကြည်မှုမရှိတာတော့အမှန်ပဲ၊ နောက်တစ်ခါ လိုအပ်တဲ့အားနည်းချက်တွေကိုလည်း ဝိုင်းဝန်းအကြံပြု ဆွေးနွေးပြီးတော့မှ ပါတီတွေရဲ့အသံတွေကိုလည်း နားထောင်ပြီးတော့မှ လိုအပ်တာလေးတွေကို ပြုပြင်ပြောင်းလဲပေးဖို့ ရွေးကောက်ပွဲကော်မရှင်ကို တောင်းဆိုထားတာလေးတွေရှိတယ်၊ အခုချိန်ထိတော့ တောင်းဆိုထားတာရော အကြောင်းပြန်တာမျိုးမရှိသလို နိုင်ငံရေးပါတီတွေကို ဖိတ်ခေါ်ခြင်းလည်းမရှိဘူး၊ ဆိုတော့ လက်ရှိပုံစံအတိုင်းဆိုရင်တော့ ယုံကြည်မှုမရှိဘူး၊ ဒါပေမဲ့ မျှမျှတတမှန်မှန်ကန်ကန် သမာသမတ်ကျကျနဲ့ ပြောင်းလဲလုပ်ဆောင်လာမယ်ဆိုရင်တော့ ဒီအခြေအနေကိုစောင့်ကြည့်ရမယ်၊ ပြောချင်တာမဟုတ်ဘူး ယုံကြည်တာ၊ ရှိကိုရှိနေတယ်လို့ ယုံကြည်တာ"
ပြည်ခိုင်ဖြိုးပါတီအနေနဲ့ ၂၀၁၀ ရွေးကောက်ပွဲအပြီးမှာ တိုင်ကြားခံရမှု ၂၉ မှုရှိခဲ့ပြီး ၃ မှုပဲ အနိုင်ရရှိကာ ၂၆ မှု ရှုံးနိမ့်ခဲ့သလို ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာလည်း ၄ မှုအတိုင်ခံရပြီး ၄ မှုလုံး ရှုံးနိမ့်ခဲ့ပါတယ်။
ဒါပေမဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ ပြည်ခိုင်ဖြိုးပါတီကနေ ပြန်လည်ကန့်ကွက်တိုင်ကြားမှု ၂၅ မှုရှိခဲ့ပေမယ့် အတိုင်ကြား ခံရသူတွေသာ အနိုင်ရရှိသွားပြီး ပြည်ခိုင်ဖြိုးပါတီက အကုန်လုံးရှှုံးနိမ့်ခဲ့သလို ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲ ရလဒ်တွေအပေါ် ကန့်ကွက်တဲ့ အမှုတွေမှာလည်း အကုန်လုံး ထပ်မံရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။
ပြည်ခိုင်ဖြိုးပါတီအနေနဲ့ ၂၀၁၆ ခုနှစ်ကတည်းက ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ထားတဲ့အတွက် လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ အားလုံးသာတရားမျှတစွာနဲ့ ဥပဒေတိုင်း ရိုးရိုးသားပါဝင်ယှဉ်ပြိုင်ကြမယ်ဆိုရင် ပြည်ခိုင်ဖြိုးပါတီ အနေနဲ့ ရာနှုန်းပြည့်အနိုင်ရရှိဖို့ ယုံကြည်တယ်လို့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးလှသိန်းက ပြောခဲ့ပါတယ်။
ဒီကနေ့ ပြုလုပ်ခဲ့တဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရဲ့ သတင်းစာရှင်းလင်းပွဲမှာ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွေကို ပိတ်သိမ်းမယ့်ကိစ္စကို လက်မခံကြောင်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရွေးချယ်ရာမှာ ဒီမိုကရေစီနဲ့အညီပဲ လုပ်ဆောင်စေချင်ကြောင်းနဲ့ ဘာသာရေးဆုတောင်းပွဲတွေကို ပါတီတစ်ခုရဲ့ ပုံရိပ်ကိုမြှင့် တင်စေချင်တဲ့ပုံစံ မလုပ်စေချင်ကြောင်း စတာတွေကို ပြောခဲ့ပါတယ်။