ရွာလုံးကျွတ် ကြံ့ခိုင်ဖံ့ွဖြိုးရေးပါတီကို ဝင်ခဲ့ကြတဲ့ ရွာတွေရှိကြောင်း USDP ပြော
2017.10.30

ရွာလုံးကျွတ် ကြံ့ခိုင်ဖံ့ွဖြိုးရေးပါတီဝင်ရောက်တဲ့ ရွာတွေရှိတဲ့အတွက် ပါတီဝင်အင်အား တိုးလာတယ်လို့ ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ နန္ဒာလှမြင့်က ပြောပါတယ်။
ဒီကနေ့ ရန်ကုန်မြို့ ဗဟန်းမြို့နယ် သံလွင်လမ်းက ပါတီဌာနချုပ်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဒေါက်တာ နန္ဒာလှမြင့်က ပြောတာ ဖြစ်ပါတယ်။
"အခုမကြာတဲ့ကာလတွေမှာ ညမိုးချုပ်ပြန်လာရင် လူရိုက်ပြီးတော့ ဆိုင်ကယ်လုတာတို့၊ ဖုန်းလုတာတို့၊ ပိုက်ဆံလုတာတို့ ဖြစ်လာတယ်တဲ့၊ ဆိုတော့ ပြောရရင်တော့ ညတောင်မှ လူများများမပါဘူးဆိုရင် အရေးရယ် အကြောင်းရယ်ဆို သွားဖို့လာဖို့တောင် သူတို့မှာ အခက်အခဲရှိတယ်၊ သွားရေးလာရေး တကယ်မလွယ်ကူးဘူး၊ လုံခြုံမှုပေါ့ အရင်တုန်းက အေးအေးချမ်းချမ်းနေရတယ်၊ စီးပွားအဆင်ပြေတယ် အခုအေးအေးချမ်းချမ်းမနေရဘူး၊ စီးပွားရေးလည်း ကျပ်တည်းလာတယ်ဆိုတော့ ပြည်ခိုင်ဖြိုးကိုပဲ သူတို့ အရင်တုန်းကလည်း အတိုင်းအတာတစ်ခု အထိ ထောက်ခံခဲ့တယ်၊ အခုကတော့ ပိုမိုယုံကြည်လာတာဖြစ်တဲ့အတွက် ရွာလုံးကျွတ်ဝင်မယ် ဆိုပြီးတော့ သက်ဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်တွေကို ဆက်သွယ်တဲ့အခါမှာ ကျနော်တို့ဘက်ကလည်း ဝမ်းမြောက် ဝမ်းသာနဲ့ ကျေးဇူးအထူးတင်တယ၊် ဒီကာလတွေမှာပဲ နောက်ထပ်ရွာလုံးကျွတ်ဝင်မယ်ဆိုတဲ့ ကမ်းလှမ်းလာတဲ့ မြို့နယ်တွေ ရွာတွေကျတော်တို့ ထပ်ပြီးတော့ ရှိလာပါတယ်"
ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဋ္ဌေးရဲ့ ရှမ်းပြည်နယ်နဲ့ ဧရာဝတီတိုင်းခရီးစဉ်အတွင်း ပင်းတယ၊ ရပ်စောက်နဲ့ ကလောမြို့နယ်တို့မှာ ရွာလုံးကျွတ် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဝင်ခဲ့သလို ဧရာဝတီတိုင်းဘက်မှာလည်း ရွာ ၆ ရွာက ရွာလုံးကျွတ်နီးပါး ပါတီဝင်ခဲ့ကြတယ်လို့ ပြောပါတယ်။
ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအနေနဲ့ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကို အနိုင်ရရှိ လိမ့်မယ်လို့ အပြည့်အဝယုံကြည်ကြောင်းလည်း သတင်းမီဒီယာတွေရဲ့ မေးမြန်းမှုကို ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ နန္ဒာလှမြင့်က ပြောပါတယ်။
ရခိုင်ပြည်နယ်အရေးကိစ္စအပါအဝင် လက်ရှိမြန်မာ့နိုင်ငံရေး အခြေအနေတွေအပေါ် ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရဲ့သဘောထားနဲ့ ၂၀၂၀ ရွေးကောက်ပွဲ ကြိုတင်ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်ပြီး ပါတီဗဟို အလုပ်အမှုဆောင် ကော်မတီဝင်တွေက သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
ရခိုင်ပြည်နယ်အရေးမှာ တပ်မတော်ကို နိုင်ငံတကာက မဟုတ်မမှန် စွပ်စွဲချက်တွေ ရှိနေတဲ့အတွက် တပ်မတော် ထောက်ခံပွဲတွေမှာ ပါဝင်တာ ဖြစ်သလို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အပါအဝင် အစိုးရရဲ့ လုပ်ဆောင်ချက်တွေကို စောင့်ကြည့်သွားမယ်လို့ ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူတွေက ပြောပါတယ်။