ဦးဆန်းဆင့်ရဲ့ ကျန်းမာရေး မဆိုးဝါးဘူးလို့ အာဏာပိုင်ပြော
2014.08.24

ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ သာသနာရေး ဝန်ကြီးဟောင်း ဦးဆန်းဆင့်ရဲ့ ကျန်းမာရေး အခြေအနေဟာ ကျန်းမာရေးဆိုးဝါးနေတာ မဟုတ်ဘဲ ကောင်းမွန်နေကြောင်း တရားရုံးမှာ တာဝန်ကျတဲ့ လုံခြုံရေးအဖွဲ့က RFA ကို ပြောပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လ ၂၂ ရက်နေ့က သာသနာရေး ဝန်ကြီးဟောင်း ဦးဆန်းဆင့်ကို နေပြည်တော် ဒက္ခိဏသီရိခရိုင်တရားရုံးမှာ ရုံးထုတ်စစ်ဆေးနေစဉ် ဦးဆန်းဆင့် မေ့လဲသွားတယ်ဆိုတာ မမှန်ကန်ကြောင်း လည်း အဲ့ဒီ တရားရုံးလုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦး က ပြောပါတယ်။
သြဂုတ်လ ၂၂ ရက်နေ့က တရားခွင်မှာ ဦးဆန်းဆင့် က ခေါင်းမူးတယ်ဆိုပြီး ခရိုင်တရားသူကြီးကို ပြောတဲ့ အတွက် ဆရာဝန်တွေကို ချက်ခြင်းခေါ်ယူစစ်ဆေးတဲ့ အခါ သွေးဖိအားကျဆင်းခြင်းမရှိဘဲ ပုံမှန်အနေအထားရှိကြောင်းလည်း သိရပါတယ်။
ဦးဆန်းဆင့်ရဲ့ရှေ့နေ ဦးတင်ထွန်းက သြဂုတ်လ ၂၂ ရက်နေ့က ဦးဆန်းဆင့်ဟာ တရားခွင်မှာ အသက်ရှူမဝပဲ ကျန်းမာရေးအခြေအနေဆိုးဝါးလာတဲ့အတွက် နေပြည်တော် ကုတင်တစ်ထောင်က ဆရာဝန်တွေ ဆေးဝါး ကုသပေးပြီး တရားရုံးချိန်းကို ရပ်နားလိုက်ရကြောင်း RFA ကို ပြောခဲ့ပါတယ်။
ရှေ့နေ ဦးတင်ထွန်းနဲ့ ဦးဆန်းဆင့်ရဲ့ အစ်ကိုဖြစ်သူ ဦးဆန်းမြင့်တို့က ဦးဆန်းဆင့်ရဲ့ ကျန်းမာရေး အခြေ အနေကြောင့် အာမခံပေးဖို့ ဇူလိုင်လ ၃၀ ရက်နေ့က ဒက္ခိဏသီရိခရိုင် တရားရုံးမှာ တင်ပြပေမယ့် မရခဲ့ တာကြောင့် မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်မှာ ပြီးခဲ့တဲ့သြဂုတ်လ ၁၃ ရက်နေ့က အာမခံလျှောက် ထားခဲ့ပါတယ်။