အကြမ်းဖက်ပြီး ပြဿနာဖြေရှင်းမှု လက်မခံကြောင်း အမေရိကန်ပြော

မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ အကျပ်အတည်းကို အကြမ်းဖက်တိုက်ခိုက်မှုနဲ့ ဖြေရှင်းဖို့ ကြိုးပမ်းတာကို လက်မခံတဲ့အကြောင်း အမေရိကန် နိုင်ငံခြားရေးဌာနက ပြောလိုက်ပါတယ်။
အာဏာသိမ်း စစ်ကောင်စီကို တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ခုခံတွန်းလှန်ဖို့ စက်တင်ဘာလ ၇ ရက်နေ့မှာ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတက တိုက်တွန်း ပြောကြားလိုက်တာနဲ့ ပတ်သက်ပြီး အမေရိကန် အစိုးရရဲ့ သဘောထားကို RFA မြန်မာပိုင်းဌာနက ဆက်သွယ်မေးမြန်းခဲ့ရာမှာ အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရသူတစ်ဦးက RFA ကို အီးမေးလ်နဲ့ သီးသန့်ဖြေကြားခဲ့တာပါ။
"ပြည်သူတွေရဲ့ ခုခံတွန်းလှန်ရေး စစ်ပွဲ" ကို စတင်ဆင်နွှဲကြဖို့ NUG က ကြေညာချက် ထုတ်ပြန်ထားတာကို မိမိတို့ သိရှိရကြောင်း၊ လက်ရှိ မြန်မာနိုင်ငံက အကျပ်အတည်းကို အကြမ်းဖက်မှုနဲ့ ဖြေရှင်းတာကိုမျိုး အမေရိကန် ပြည်ထောင်စုအနေနဲ့ လက်မခံကြောင်း၊ ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းကြဖို့ အားလုံးကို တိုက်တွန်းကြောင်း RFA မြန်မာပိုင်းအတွက် သီးသန့်ဖြေကြားတဲ့ အီးမေးလ်မှာ ပြောကြားထားပါတယ်။
မြန်မာနိုင်ငံတွင်းမှာ ကိုဗစ်-၁၉ ကပ်ရောဂါ အခြေအနေတွေ ပိုမိုဆိုးရွားလာတဲ့အတွက် လူသားချင်းစာနာမှု အကူအညီတွေကို တန်းတူညီမျှမှု ရှိရှိ၊ ဘေးကင်းလုံခြုံမှုရှိရှိနဲ့ အတားအဆီးမရှိ သွားရောက်ပေးအပ်နိုင်ဖို့ အတွက် တည်ငြိမ်အေးချမ်းတဲ့ ပတ်ဝန်းကျင် လိုအပ်တယ်လို့လည်း ဖြေကြားထားပါတယ်။
အာဏာသိမ်း စစ်ကောင်စီအနေနဲ့လည်း အကြမ်းဖက် တိုက်ခိုက်မှု အားလုံးကို ရပ်တန့်ဖို့၊ မြန်မာနိုင်ငံကို ဒီမိုကရေစီ လမ်းကြောင်းပေါ် ပြန်ရောက်အောင် လုပ်ဖို့နဲ့ မတရားသဖြင့် ဖမ်းဆီးချုပ်နှောင်ထားသူအားလုံးကို ပြန်လွှတ်ပေးဖို့ အမေရိကန်ပြည်ထောင်စုက ဆက်လက် တောင်းဆိုတဲ့အကြောင်းလည်း အမေရိကန် နိုင်ငံခြားရေးဌာန တာဝန်ရှိသူက ပြောကြားထားပါတယ်။