အမေရိကန်အစိုးရ မြန်မာပြည်သူတွေနဲ့ အတူ ရှိနေကြောင်း ဒုတိယသမ္မတ ပြောကြား

ထိုင်းနိုင်ငံကိုရောက်နေတဲ့ အမေရိကန်ဒုတိယသမ္မတ ကင်မလာ ဟဲရစ် က ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာ နဲ့ ဘန်ကာက်မြို့မှာ မနေ့ကတွေ့ဆုံစဉ်မှာ မြန်မာ့အရေးထည့်သွင်း ဆွေးနွေးခဲ့ပါတယ်။
မြန်မာနိုင်ငံရဲ့ တစ်နေ့တခြား ပိုမိုဆိုးရွားလာနေတဲ့ အကျပ်အတည်းတွေအကြောင်း ဒုတိယသမ္မတ ကင်မလာ ဟဲရစ် က ပြောဆိုခဲ့ပြီး မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် ကြိုးပမ်းရာမှာ နိုင်ငံတကာရဲ့ထောက်ခံအားပေးမှုတွေကို အလေးထား ပြောကြားခဲ့ပါတယ်။
နိုင်ငံတကာစံချိန်စံညွှန်းတွေနဲ့အညီ ရပ်တည်ဖို့ အင်မတန်အရေးကြီးတဲ့အကြောင်းလည်း သူက အလေးအနက်ထား ပြောကြားခဲ့ပါတယ်။
အာဏာသိမ်းစစ်ကောင်စီရဲ့ လူမဆန် ရက်စက်ကြမ်းကြုတ်မှုတွေ နဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချခဲ့ပါတယ်။
လူသားချင်းဆိုင်ရာ ကူညီမှုတွေကို ထိုင်းနိုင်ငံက ရက်ရက်ရောရော ကာလရှည်ကြာ အစဉ်တစိုက် ကူညီဆောင်ရွက်ခဲ့တာကိုလည်း အမေရိကန်ဒုသမ္မတက ပြန်ပြောင်းပြောဆိုပါတယ်။
အမေရိကန်အစိုးရက မြန်မာပြည်သူတွေနဲ့အတူ ရှိနေကြောင်းလည်း ဒုသမ္မတက ရှင်းလင်းပြတ်သားစွာ ပြောဆိုခဲ့ပါတယ်။ ဒုသမ္မတ ကင်မလာ ဟဲရစ်ဟာ သူ့ရဲ့ အာရှခရီးစဉ်အတွင်း ထိုင်းအပြင် ဖိလစ်ပိုင်နိုင်ငံခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံပြီး မြန်မာ့အရေးကို ဆွေးနွေးသွားမှာဖြစ်တယ်လို့ အိမ်ဖြူတော်က သတင်းထုတ်ပြန်ထားပါတယ်။
ဒုသမ္မတဟာ ဖိလစ်ပိုင်နိုင်ငံကို နိုဝင်ဘာ ၂ဝ ရက်မှာ ဆက်လက်ထွက်ခွာမှာဖြစ်ပြီး၊ မြန်မာနိုင်ငံရဲ့ နယ်မြေအစိတ်အပိုင်းလည်းဖြစ်တဲ့ မဲခေါင်ဒေသမှာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ သန့်ရှင်းတဲ့စွမ်းအင်ရရှိရေးနဲ့ ရာသီဥတုဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးသွားမယ်လို့ ထုတ်ပြန်ထားတာဖြစ်ပါတယ်။