ရခိုင်ပြည်နယ်မှာ လွတ်လပ်စွာ သွားခွင့်ပြုဖို့ ကန် အတွင်းဝန်ပြောကြား
2019.04.30

မြန်မာနိုင်ငံကို ဒီကနေ့ ရောက်ရှိမယ့် အမေရိကန် နိုင်ငံခြားရေးဌာန နိုင်ငံရေးအတွင်းဝန် (David Hale) ဒေးဗစ် ဟေးလ် က ရိုဟင်ဂျာတွေ လုံခြုံစိတ်ချစွာ နေရပ်ဒေသ ပြန်လာနိုင်ရေးကို အထောက်အပံ့ဖြစ်စေဖို့အတွက် လူသားချင်းစာနာမှုဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ သတင်းမီဒီယာတွေကို ရခိုင်ပြည်နယ်မှာ လွတ်လပ်စွာသွားလာခွင့် ပေးဖို့ မြန်မာအစိုးရကို တိုက်တွန်းလိုက်ပါတယ်။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ မနေ့က ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ သူူက အခုလို ပြောကြားခဲ့တာပါ။
မြန်မာနိုင်ငံမှာ သောကြာနေ့အထိ ၃ ရက်ကြာနေထိုင်မယ့် ဒေးဗစ်ဟေးလ် က ရခိုင်ပြည်နယ်ရဲ့ လက်ရှိ အခြေအနေဟာ ဒုက္ခသည်တွေ ပြန်လာရေးအတွက် လုံခြုံမှု မရှိသေးကြောင်း၊ မြန်မာ အာဏာပိုင်တွေနဲ့ တွေ့ဆုံတဲ့အခါ သူတို့ကို အဓမ္မပြန်လည်နေရာချထားခြင်း မပြုဖို့ သူတင်ပြမှာဖြစ်ကြောင်းနဲ့ မြန်မာ့တပ်မတော် ထိပ်ပိုင်းအရာရှိတွေက လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်ခဲ့တယ်ဆိုပြီး စွပ်စွဲပြောဆိုချက်တွေ ပေါ်ပေါက်နေတာကိုလည်း ထည့်သွင်းမေးမြန်းမယ်လို့ ပြောပါတယ်။
ဒါ့အပြင် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌဖြစ်တဲ့ ထိုင်းနိုင်ငံအနေနဲ့လည်း ရခိုင်ပြည်နယ် ပဋိပက္ခဖြေရှင်းရာမှာ အမေရိကန်ပြည်ထောင်စုနဲ့ ပါဝင်ပူးပေါင်း ကူညီစေလိုကြောင်း ပြောပါတယ်။
နိုင်ငံရေးအတွင်းဝန် ဒေးဗစ် ဟေးလ် ဟာ အာရှတိုက်ခရီးစဉ်အဖြစ် အင်ဒိုနီးရှားနဲ့ ထိုင်းနိုင်ငံတွေက တဆင့် မြန်မာနိုင်ငံကို သွားရောက်မှာ ဖြစ်ပါတယ်။ အဲဒီနောက် ဂျပန်နိုင်ငံကို လာမယ့်အပတ်အတွင်း သူ ခရီးဆက်ပါလိမ့်မယ်။