ပျောက်ဆုံးတောင်တက်သမားတွေ ရှာဖွေရေး အမေရိကန် ကျွမ်းကျင် အဖွဲ့ ကူညီမည်
2014.09.16

ခါကာဘိုရာဇီ တောင်တက်ခရီးစဉ်မှာ ပျောက်ဆုံးနေ တဲ့ တောင်တက်သမား ၂ ဦးကို ရှာဖွေကယ်တင်နိုင်ဖို့ အတွက် အမေရိကန်နိုင်ငံ တောင်တက်သမားတွေနဲ့ ထိုင်းနိုင်ငံက ရဟတ်ယာဉ်ရရှိရေး ကြိုးပမ်းနေတယ်လို့ သိရပါတယ်။
အမေရိကန်တောင်တက်သမား ၄ ဦးကို အကူ အညီတောင်းထားသလို အမြင့်ပေ ၂သောင်းထိ ပံျသန်းနိုင်မယ့် ထိုင်းနိုင်ငံက ရဟတ်ယာဉ်နဲ့ ရှာဖွေနိုင် ဖို့အတွက်လည်း ထူးကုမ္ပဏီက စီစဉ်နေတယ်လို့ တက္ကသိုလ်ခြေလျင် နှင့် တောင်တက်အသင်း၊ သဘာဝခေါ်သံ ဖောင်ဒေးရှင်းအဖွဲ့က အလုပ် အမှုဆောင် ကိုထွန်းလှအောင်က ပြောပါတယ်၊
"လက်ရှိ ဂန်လန်ရာဇီ တောင်ထိပ်ကို တက်ရောက်အောင်မြင်ထားတဲ့သူ ၄ ယောက် ကိုပေါ့နော်၊ မြန်မာနိုင်ငံကိုလာရောက်ပြီး ဝိုင်းဝန်း ကူညီဆောင်ရွက်ပေးဖို့ ဆက်သွယ်ဆောင်ရွက်ပေးနေတယ်လို့လည်း ကြားသိရပါတယ်၊ ဒီ့အပြင် အမြင့်ပေ ၂ သောင်းလောက် ပျံသန်းနိုင်တဲ့ ဒီရဟတ်ယာဉ်နဲ့ လေယာဉ်မောင်းသူကိုလည်း ယိုးဒယားဘက်နေ ဆက်သွယ်ပြီးတော့ ဒီနေ့ ပူတာအိုရောက်နိုင်မယ်လို့ မျှော်မှန်းထားတယ်ခင်ဗျ"
ဒီကနေ့မှာ ရာသီဥတုကောင်းမွန်တဲ့အတွက် ပန်နန်းဒန်ကနေ တဟွန်ဒန်းရွာအထိ ကူညီကယ်ဆယ်ရေးသမား ၃ ဦးကို ရဟတ်ယာဉ်နဲ့ ပို့ထားနိုင်ြပ်ီလို့လည်းပြောပါတယ်၊ တရုတ်နိုင်ငံကနေလာရောက်တဲ့ Blue Sky တောင်တက် အဖွဲ့ကတော့ မြန်မာနိုင်ငံဘက်ခြမ်းကနေ ရေခဲတောင်ကို တက်ရောက်ရှာဖွေဖို့ အခက်အခဲရှိတဲ့အတွက် တိဗက်ပြည် နယ်ကနေ ဒေသခံတွေနဲ့ ပူးပေါင်းပြီးရှာဖွေဖို့ စီစဉ်နေတယ်လို့လည်းပြောပါတယ်။
တက္ကသိုလ် ခြေလျင်နှင့် တောင်တက်အသင်း (သဘာဝခေါ်သံ ဖောင်ဒေးရှင်း)က ကိုအောင်မြင့်မြတ်နဲ့ ကိုဝေယံမင်းသူ တို့နှစ်ဦးဟာ ခါကာဘိုရာဇီ ရေခဲတောင်ကို သြဂုတ်လ ၃၁ ရက်က တက်ရောက်ခဲ့အပြီး ပြန်အဆင်း မှာ အဆက်အသွယ်ပြတ်တောက်ပြီး ပျောက်ဆုံးနေတာ ဒီကနေ့ဆိုရင် ၁၆ ၇က်ရှိပြီ ဖြစ်ပါတယ်။