ဧဝရက်တောင်ထွဋ် တက်ဖို့ မြန်မာ နှစ်ဦး ခရီးစတင်


2016.05.15
mountain-climb-620.jpg နီပေါနိုင်ငံက ကမ္ဘာ့အမြင့်ဆုံး ဧဝရတ်တောင်ကို တက်ရောက်နေတဲ့ မြန်မာတောင်တက်သမား ၃ ဦးကို တွေ့ရစဉ်
.

နီပေါနိုင်ငံရှိ ကမ္ဘာ့အမြင့်ဆုံး ဧဝရက်တောင်ထိပ်ကို တက်ရောက်နေတဲ့ မြန်မာတောင်တက်အဖွဲ့က ကိုပြည့်ဖြိုးအောင်နဲ့ ကိုဝင်းကိုကိုတို့ နှစ်ဦးဟာ ဧဝရက်တောင် အခြေစိုက်စခန်းကနေ ဧဝရက်တောင်ထိပ်ကို ဒီနေ့မနက်  စတင်တက်ရောက်နေပြီဖြစ်ပါတယ်။

သူတို့  ၂ ဦးဟာ စခန်း အမှတ် (၂) ကို ရောက်ရှိနေပြီဖြစ်ပြီး အဲ့ဒီစခန်းမှာ ညအိပ်ရပ်နားမှာ ဖြစ်ကြောင်း ဧဝရက်တောင် အခြေစိုက်စခန်းမှာရှိနေတဲ့  တောင်တက်အဖွဲ့ဝင် ကိုညီညီအောင် က ပြောပါတယ်။

မြန်မာတောင်တက်သမားတွေဟာ ရာသီဥတုအပေါ်မူတည်ပြီး ဧဝရတ်တောင်ထိပ်ကို မေလ ၁၈ ရက်နဲ့ ၁၉ ရက် ၂ ရက်ထဲက ရာသီဥတုကောင်းတဲ့နေ့မှာ တောင်ထိပ်ကို တက်ရောက်ဖို့ စီစဉ်ထားပါတယ်။

ဧဝရက်တောင်ကို တက်ရောက်ဖို့ မြန်မာနိုင်ငံက တောင်တက်သမား ၃ ဦးဟာ မတ်လကုန်ပိုင်းထဲက နီပေါနိုင်ငံကို ရောက်ရှိနေတာဖြစ်ပြီး ဧဝရတ်တောင်ရဲ့ ရာသီဥတုနဲ့ ပတ်ဝန်းကျင်ကို ကျင့်သားရအောင် လေ့ကျင့်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

လေ့ကျင့်မှုတွေ လုပ်ဆောင်နေချိန်အတွင်း မြန်မာတောင်တက်အဖွဲ့ဝင် ၃ ဦးထဲက ကိုညီညီအောင် (ခေါ်) ကိုဒိုးလုံးဟာ နှလုံးခုန်နှုန်းမြန်တာနဲ့ ခန္တာကိုယ်အတွင်း အောက်ဆီဂျင်ပါဝင်မှုနှုန်း နည်းနေတာတွေကြောင့် တောင်ထိပ်တက်တဲ့ ခရီးစဉ်ကို မလိုက်တော့ပဲ အခြေစိုက်စခန်းမှာပဲ ကျန်ခဲ့ပါတယ်။

ဒီနေ့မနက်ကစပြီး တောင်ထိပ်ကို တက်ရောက်နေတဲ့ ကိုပြည့်ဖြိုးအောင်နဲ့ ကိုဝင်းကိုကိုတို့ရဲ့ ကျန်းမာရေးဟာ ရာနှုန်းပြည့်နီးပါး ကောင်းမွန်ကြောင်းလည်း တောင်တက်အဖွဲ့ဝင် ကိုညီညီအောင် က ပြောပါတယ်။

ဧဝရတ်တောင်ထိပ်ဟာ အမြင့်ပေ ၂၉ဝ၂၉ ပေ ( ၈၈၄၈ မီတာ ) မြင့်ပြီး သမိုင်းတလျှောက်မှာ ကမ္ဘာ့နိုင်ငံအသီးသီးက တောင်တက်သမား ၃၁ဝဝ ကျော်သာ တောင်ထိပ်ကို တက်ရောက်နိုင်ခဲ့ပါတယ်။

ဧဝရက်တောင်ထိပ်ကို တက်ရောက်ဖို့ မြန်မာနိုင်ငံက တောင်တက်အဖွဲ့တစ်ဖွဲ့က လွန်ခဲ့တဲ့ ၂ဝ၁၄ ခုနှစ်မှာ ကြိုးစားခဲ့ပေမယ့် အဲ့ဒီအချိန်က ရာသီဥတု ဆိုးရွားပြီး ရေခဲတောင်ပြိုကျတာတွေဖြစ်တာကြောင့် တောင်တက်ခရီး ပျက်သွားခဲ့ပါတယ်။

ဧဝရတ်တောင်တက်အဖွဲ့ရဲ့ အခြေအနေကို အခြေစိုက်စခန်းမှာရှိနေတဲ့ ကိုညီညီအောင်ကို RFA သတင်းထောက် ကိုကျော်ထွန်းနိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။