တရုတ် တောင်တက် ကယ်ဆယ်ရေးအဖွဲ့ ပူတာအိုကို ထွက်ခွာ
2014.09.13

ခါကာဘိုရာဇီ တောင်ကိုတတ်ရောက်ခဲ့ပြီး ပျောက် ဆုံးနေတဲ့ တောင်တက်သမား နှစ်ဦးကို တရုတ်နိုင်ငံက အဖွဲ့ဝင် ၉ဦးပါဝင်တဲ့ အပြာရောင်မိုးကောင်းကင် (Blue Sky) ကယ်ဆယ်ရေးအဖွဲ့ဟာ ဒီနေ့ မြန်မာနိုင်ငံ ကို ရောက်ရှိလာပါတယ်။
ကယ်ဆယ်ရေးလုပ်ဆောင်မယ့်အကြောင်းတွေနဲ့ ပတ်သက်လို့ ရန်ကုန်လေဆိပ်မှာ ဒီကနေ့ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ကယ်ဆယ်ရေး အဖွဲ့ခေါင်းဆောင် မစ္စတာ အန်ဆောင်ဝါက အခုလို ပြောဆိုခဲ့ပါတယ်။
“ဒီတောင်က သိပ်အမြင့်ကြီးမဟုတ်ပေမယ့် အပေါ်ကိုတက်ဖို့ နည်းပညာတွေ အများကြီး လိုအပ်ပါတယ်၊ အဲဒါကြောင့် တရုတ်နိုင်ငံ တဝှမ်းက ကျွမ်းကျင်အဖွဲ့သားတွေ စုစည်းပြီး လာရောက်တာဖြစ်ပါတယ်၊ ပြောင်းလဲနိုင်တဲ့အခြေအနေတွေ အများအပြားရှိနိုင်တဲ့အတွက် ရှာဖွေရေးနဲ့ ပတ်သက်လို့ ပြီးမြောက်နိုင်မယ့် အချိန်ကာလ အတိကျကို တွက်ချက်ပြောဆိုဖို့ အခက်အခဲရှိပါတယ်”
အဲ့ဒီအဖွဲ့ဟာ တရုတ်နဲ့ အိမ်နီးချင်းနိုင်ငံတွေက သဘာဝဘေးန္တရာယ်ကျရောက်တဲ့နေရာတွေကို ကယ်ဆယ်ရေး လုပ်ငန်းတွေ ဆောင်ရွက်ပေးနေတဲ့အဖွဲ့ဲဖြစ်ပြီး၊ ဒီနေ့မှာဘဲ ကယ်ဆယ်ရေးလုပ်ငန်းတွေ စတင်ဖို့ ပူတာအိုကို ထွက်ခွာသွားပြီဖြစ်ပါတယ်။
ပျောက်ဆုံးနေတဲ့ တောင်တက်သမား ၂ ဦးဟာ သြဂုတ် ၃၁ ရက်က ခါကာဘိုရာဇီတောင်ထိပ်ကို ရောက်ရှိ ပြီးနောက် မြန်မာနိုင်ငံအလံစိုက်ထူနိုင်ပြီးကတည်းက မြေပြင်အခြေစိုက်စခန်းနဲ့ အဆက်အသွယ် ပြတ်တောက်နေ ခဲ့တာဖြစ်ပါတယ်။