ပြည်ပစုံစမ်းရေးအဖွဲ့ဝင် ပါဝင်ရေး အစိုးရပယ်ချ
2014.01.29

မောင်တောမြို့နယ် ဒုချီးရားတန်း အရေးအခင်းနဲ့ ပတ်သက်ပြီး နိုင်ငံတကာ စုံစမ်းရေးအဖွဲ့ဝင်တစ်ဦး ပါဝင်စုံစမ်းစစ်ဆေးခွင့်ပေးဖို့ အမေရိကန်သံအမတ်ကြီး က တောင်းဆိုခဲ့တာကို မြန်မာနိုင်ငံခြားရေးဝန်ကြီးက ပယ်ချခဲ့တယ်လို့ သြစတြေးလျအခြေစိုက် ABC သတင်းဌာနက ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။
ရန်ကုန်နိုင်ငံခြားရေးဝန်ကြီးဌာနမှာ မနေ့က ကျင်းပပြုလုပ်တဲ့ သံတမန်တွေကို ရှင်းလင်းပွဲမှာ အခုလို ငြင်းဆိုခဲ့တာလို့ သိရပါတယ်။ သတင်းမီဒီယာတွေကို ဝင်ရောက်သတင်းရယူခွင့် ကန့်သတ်ခဲ့တဲ့အတွက် ဒီကနေ့ကျမှ သတင်းတွေထွက်ပေါ်လာတာဖြစ်ပါတယ်။
ဒုချီးရားတန်းရွာမှာ ရွာသားတွေ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရတယ်လို့ နိုင်ငံတကာ သတင်းမီဒီယာတွေ နဲ့ လူ့အခွင့်ရေးအဖွဲ့တွေက စွပ်စွဲဝေဖန် ပြောဆိုနေ တာတွေနဲ့ ပတ်သက်ပြီး မြန်မာအစိုးရ နိုင်ငံခြားရေး ဝန်ကြီးဌာနက သံတမန်တွေကို မနေ့က ရှင်းလင်းရာမှာ အမေရိကန်သံအမတ်ကြီး Derek Mitchell က နိုင်ငံတကာ စုံစမ်းရေးမှူးတစ်ဦး ထည့်သွင်းစုံစမ်းပေးဖို့ အကြံပြုတင်ပြခဲ့ပါတယ်။
ဖြစ်နိုင်မယ်ဆိုရင် စုံစမ်းစစ်ဆေးရာမှာ နိုင်ငံတကာက ကိုယ်စားလှယ်အဖွဲ့ဝင်တစ်ဦး ထည့်ပေးဖို့၊ နိုင်ငံတကာ အသိုင်းအဝိုင်းက ယုံကြည်လက်ခံနိုင်မယ့် စုံစမ်းစစ်ဆေးရေးမှူးတစ်ဦးကို ထည့်သွင်းပေးဖို့ တောင်းဆိုလိုကြောင်း၊ ဒါဆိုရင် ရခိုင်ပြည်နယ်က ပြည်သူတွေနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းအတွက်ပါ ဒီစုံစမ်းစစ်ဆေးမှုဟာ ပြည်သူ လူထုက သက်သက်စုံစမ်းတာမျိုး၊ ဒါမှမဟုတ် မြန်မာအစိုးရချည်းသက်သက် စုံစမ်းတာမျိုး မဟုတ်တော့ ဘဲ နိုင်ငံတကာအသိုင်းဝိုင်းက စိတ်ချယုံကြည်မှာဖြစ်ကြောင်း အမေရိကန်သံအမတ်ကြီးက ပြောပါတယ်။
ဒီလိုတောင်းဆိုရာမှာ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ဒီစုံစမ်းစစ်ဆေးမှုဟာ မြန်မာနိုင်ငံ ရဲ့ ပြည်တွင်းရေးသာဖြစ်ကြောင်း၊ ပွင့်လင်းမြင်သာမှုရှိရှိ ဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ ပြည်ပ ကိုယ်စားလှယ်တစ်ဦးကို ထည့်သွင်းနိုင်မှာ မဟုတ်ကြောင်း ငြင်းဆိုခဲ့ပါတယ်။