မြောက်ဦးအပါအဝင် ၃ မြို့နယ်ကို ခရီးမသွားသင့်ကြောင်း အမေရိကန်သံရုံး ထုတ်ပြန်
2019.03.31
အစိုးရတပ်နဲ့ AA ရခိုင်အဖွဲ့တို့ တိုက်ပွဲဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်က ရှေးဟောင်းယဉ်ကျေးမှုနယ်မြေ မြောက်ဦးအပါအဝင် မင်းပြားနဲ့ ကျောက်တော်မြို့နယ်တို့ကို ခရီးသွားလာဖို့ မသင့်တဲ့ ဒေသ အဆင့် ၄ အဖြစ် သတ်မှတ်ထားကြောင်း ရန်ကုန်မြို့ အမေရိကန်သံရုံးက သတင်းထုတ်ပြန်ထားပါတယ်။
အဲဒီမြို့နယ်တွေမှာ ဒေသတွင်း မငြိမ်မသက်တာတွေ ဖြစ်ပွားနေမှုနဲ့ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် ခရီးသွားလာဖို့ မသင့်တဲ့ ဒေသတွေအဖြစ် သတ်မှတ်ထားတာလို့ မတ် ၂၉ ရက်နေ့က အမေရိကန်သံရုံး ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
တဆက်တည်းမှာပဲ မတ် ၂၉ ရက်နေ့က ရန်ကုန်မြို့က အမေရိကန်သံရုံး ထုတ်ပြန်ချက်မှာ ချင်းပြည်နယ် မတူပီနဲ့ ရှမ်းပြည်နယ် သိန္နီမြို့နယ်ကို ခရီးသွားလာဖို့ ပြန်လည်စဉ်းစားသင့်တဲ့ အဆင့် ၃ အဖြစ် သတ်မှတ်ခဲ့တယ်လို့ သိရပါတယ်။
အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာန ကောင်စစ်ဝန်ရေးရာဗျူရိုရဲ့ မတ်လ ၂၆ ရက်နေ့ ထုတ်ပြန်ချက်မှာတော့ ရခိုင်ပြည်နယ်က မောင်တော၊ ဘူးသီးတောင်၊ ကျောက်တော်၊ မင်းပြား၊ မြောက်ဦး၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း မြို့နယ်တွေဟာ ခရီးသွားလာဖို့ မသင့်တဲ့ ဒေသ အဆင့် ၂ အဖြစ် ထည့်သွင်းဖော်ပြခဲ့ပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုသီဟထွန်း ပေးပို့တာပါ။