အမေရိကန်သံအမတ်ကြီး မွန်ပါတီအသီးအသီးက ခေါင်းဆောင်တွေ နဲ့ ဆွေးနွေး
2013.01.13

မော်လမြိုင်မြို့က အတ္တရံဟိုတယ်မှာ မနေ့ည ၇နာရီက မွန်ပြည်သစ်ပါတီ NMSP၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ AMDP၊ မွန်ဒီမိုကရေစီပါတီ MDP က ခေါင်းဆောင်တွေနဲ့ တစ်နာရီခွဲကြာ တွေ့ဆုံခဲ့ပြီး၊အဲဒီတွေ့ဆုံပွဲမှာ သံအမတ်ကြီးက မွန်နိုင်ငံရေးပါတီတွေရဲ့ အခြေအနေတွေကို မေးမြန်းခဲ့တယ်လို့ မွန်ပြည်သစ်ပါတီရဲ့ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် နိုင်တလညီ က RFA ကို ပြောပါတယ်။
“တွေ့တာတော့ ကျနော်တို့ မနေ့ညက မွန်ပြည်သစ်ပါတီရယ်၊ နောက်တော့ မွန်ဒေသလုံးဆိုင်ရာ AMDP ရယ်၊ နောက်တော့ မွန်ဒီမိုကရေစီပါတီ၊ သုံးပါတီနဲ့၊ သူမေးတာကတော့ ကျနော်တို့ ဒီအပစ်အခတ်ရပ်စဲရေး ငြိမ်းချမ်းရေးရဲ့အခြေအနေ၊ နောက်ပြီးတော့ ကျနော်တို့ မွန်ပါတီနှစ်ပါတီ ပေါင်းစည်းရေးအခြေအနေ၊ နောက်တော့ ပါတီရဲ့အခြေအနေတွေ မေးတာပေါ့နော်၊ အဓိကတော့ မွန်ပြည်နယ်ကို လာတယ်ဆိုတော့ ကျနော်တို့မွန်တွေရဲ့ အခြေအနေကိုပဲ အဓိကမေးသွားတာပေါ့လေ“
တွေ့ဆုံပွဲမှာ မွန်ခေါင်းဆောင်တွေဖက်က လက်ရှိတိုက်ပွဲပြင်းထန်နေတဲ့ ကချင်ပြည်နယ်အရေးကိစ္စကို အမေရိကန်အစိုးရကနေ ကူညီဆောင်ရွက်ပေးဖို့ အမေရိကန်သံအမတ်ကြီးကို တိုက်တွန်းတောင်းဆိုခဲ့တယ်လို့လည်း နိုင်တလညီ က ပြောပါတယ်။
“ကျနော်တို့ကတော့ သူ့ကိုတောင်းဆိုတာပေါ့နော် ဒီကချင်ဒေသမှာဖြစ်နေတဲ့ စစ်ကိစ္စကို ရပ်တန့်သွားအောင် ကူညီပေးနိုင်တဲ့အနေအထားစီစဉ်ပေးဖို့ ကျနော်တို့က တင်ပြတာပေါ့နော်၊ သူ့အနေနဲ့ကလည်း ကချင်စစ်ပွဲဒေသကိုတော့ သူတို့ကစောင့်ကြည့်နေပါတယ်၊ တတ်နိုင်တဲ့ဖက်က ကူညီပါမယ်လို့ပြောတယ်လေ၊ ကျနော်တို့ကလည်း ဒီကျနော်တို့ ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ အပစ်အခတ်ရပ်စဲရေးဖြစ်စဉ်ကို ကျနော်တို့ရှင်းပြတယ်၊ နောက်ပြီးတော့ ကျန်တဲ့ပါတီတွေနဲ့ သူတို့ရဲ့ပါတီအနေအထားကို ရှင်းပြတယ်။ ဒီလောက်ပါပဲ“
ဒီတွေ့ဆုံ့ပွဲကို လက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ မွန်ပြည်သစ်ပါတီက ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် နိုင်တလညီ အပါအဝင် ၂ဦးတက်ရောက်ခဲ့ပြီး မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီက ဥက္ကဌ နိုင်ငွေသိန်း၊ မွန်ဒီမိုကရေစီပါတီက ဒုဥက္ကဌ နိုင်တင်အောင်တို့ ၄ဦးတက်ရောက်ခဲ့ပြီး အမေရိကန် သံရုံးဘက်က မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး ဒဲရစ်ဂျေမစ်ချဲလ်ရယ်၊ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်စစ်သံမှူး အပါအဝင် အခြားအဖွဲ့ဝင် ၃ ဦးတက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
အမေရိကန်သံအမတ်ကြီး ဒဲရက်မစ်ချဲလ်နဲ့ အဖွဲ့ဟာ ဇန်နဝါရီ ၁၁ရက်နေ့ သောကြာနေ့ကလည်း ကရင်ပြည်နယ်ဖက်ကို သွားရောက်ခဲ့ပြီး ကရင်နိုင်ငံရေးပါတီတွေနဲ့ ကရင်လက်နက်ကိုင်အဖွဲ့အစည်းက ခေါင်းဆောင်တွေနဲ့ပါ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Derek Mitchell နဲ့ စစ်သံမှူးတို့ မွန်တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့တာနဲ့ ပတ်သက်ပြီး အစည်းအဝေးတက်ရောက်ခဲ့တဲ့ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ဥက္ကဌ နိုင်ငွေသိန်းကို RFA ဝိုင်းတော်သူ ဒေါ်ခင်ခင်အိ က ဆက်သွယ်မေးမြန်းထားပါတယ်။
![]() |
အသံဖိုင်နားထောင်ရန် |
![]() |
အသံဖိုင်ယူရန်။ |