ဂန့်ဂေါက ရွာနှစ်ရွာ ပျူစောထီးအဖွဲ့ထဲဝင်ဖို့ ခြိမ်းခြောက်ခံရ

2022.03.24
ဂန့်ဂေါက ရွာနှစ်ရွာ ပျူစောထီးအဖွဲ့ထဲဝင်ဖို့ ခြိမ်းခြောက်ခံရ စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးခဲ့သည့် မကွေးတိုင်း ဂန့်ဂေါမြို့နယ် မြင်သားကျေးရွာအုပ်စု မြင်သားကုန်းရွာကို ၂၀၂၂ ခုနှစ်၊ မတ်လ ၁ ရက်နေ့က တွေ့ရစဉ်
Photo: People's Spring

မကွေးတိုင်း ဂန့်ဂေါမြို့နယ်ထဲက သင်တောနဲ့ ရွှေဘိုရွာက ဒေသခံတွေကို စစ်ကောင်စီ တပ်သားတွေက ပျူစောထီးအဖွဲ့ထဲ ပါဝင်ဖို့ ဖိအားပေးခြိမ်းခြောက်နေတယ်လို့ ရွှေဘို ဒေသခံတွေက RFA ကို ပြောပါတယ်။

အခုလာမယ့် မတ်လ ၂၇ ရက်နေ့ နောက်ဆုံးထားပြီး ပျူစောထီးအဖွဲ့ထဲဝင်ဖို့ အကြောင်း ပြန်ပေးရမယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရွှေဘိုဒေသခံတစ်ဦးက ပြောပါတယ်။

"အခုလောလောဆယ်တော့ ပျူစောထီးထဲ ခေါ်နေတယ်ဗျ။ အဖွဲ့အစည်းဖွဲ့ဖို့ ရွာထဲမှာ ပြောနေတယ်။ တပ်နဲ့ မြောက်ခင်ရန်းဘက်က ပျူစောထီးတွေက အစည်းအဝေး ထိုင်ပြီး သင်တော၊ ရွှေဘို မလိုက်မနေရ အသက် ၆၀ အောက် အကုန်လုံးခေါ်မှာလို့ အစည်း အဝေး ထိုင်တာဗျ။ သူတို့က မလိုက်ရင် တစ်ရွာလုံးကို မီးရှို့ပြီး သတ်ပစ်လိုက်မယ်လို့ ပြောတာဗျ"

အခုလို ဖိအားပေး ခြိမ်းခြောက်ပြီး ပျူစောထီးအဖွဲ့ထဲ ဝင်ခိုင်းတယ်ဆိုတဲ့အပေါ် RFA အနေနဲ့ သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

စစ်ကောင်စီဘက်ကတော့ ပျူစောထီးအဖွဲ့ဆိုတာမရှိဘဲ ရွာလုံခြုံရေးအတွက် ဖွဲ့ထားတဲ့ ပြည်သူ့စစ်အဖွဲ့တွေသာ ရှိကြောင်း စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက RFA ကို ပြီးခဲ့တဲ့လက ဖြေဆိုထားပါတယ်။

ပျူစောထီးအဖွဲ့ထဲဝင်ဖို့ ဖိအားပေးခြိမ်းခြောက်မှုတွေအပြင် ဒေသကာကွယ်ရေးအဖွဲ့တွေနဲ့ စစ်ကောင်စီ တပ်ဖွဲ့တွေရဲ့ နေ့စဉ်လိုလိုဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့် ဒေသခံ ၂၅၀၀ ကျော်လောက်ဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ထွက်ပြေးနေရတဲ့ ဒေသခံတွေဟာ လက်ရှိ ရေရှားပါးမှု ပြဿနာနဲ့အတူ ဝမ်းပျက်၊ ဝမ်းလျှော ဖြစ်နေတယ်လို့လည်း ထွက်ပြေးနေရတဲ့ ရွှေဘိုရွာ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"ကျနော်တို့ဆီမှာတော့ စစ်ဘေးရှောင်တွေက တအား ဒုက္ခရောက်နေကြတယ်ဗျ။ မိုးတွင်းလည်း ရောက်လာတော့မှာဆိုတော့ မိုးကာတွေ လိုအပ်နေတယ်ဗျ။ ဆန်၊ ဆီ၊ ဆားတွေလည်း တော်တော်လေး ရိက္ခာပြတ်နေကြပြီ။ မရှိဆင်းရဲသားတွေကလည်း များတာဆိုတော့ ဟိုက သယ်တာတွေရော၊ ပျူစောထီးတွေက သယ်တာတွေနဲ့ဆိုတော့ ရိက္ခာတွေ ပြတ်နေကြပြီဗျ"

လက်ရှိ ဂန့်ဂေါနယ်ထဲက ရွာတွေကို စစ်ကောင်စီတပ်သားတွေ စစ်ကြောင်း သုံးကြောင်းနဲ့ စစ်ကြောင်းထိုးနေသလို မတ်လ ၂၀ ရက်နေ့ကလည်း ဟံသာဝတီ၊ ကုက္ကားနဲ့ မြောက်ခင်ရန်းရွာက ပျူစောထီးတွေနဲ့ ပူးပေါင်းပြီး စစ်ကြောင်းထိုးလာလို့ တိုက်ပွဲ ဖြစ်ခဲ့တယ်လို့ ဂန့်ဂေါ PDF အဖွဲ့ဘက်က ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။