ပဲခူးလူငယ် ၂ ဦးပစ်သတ်ခံရမှု နောက်ဆက်တွဲ သတင်းနဲ့ သုံးသပ်ချက်

ပဲခူးမြို့မှာ စနေနေ့ညက နယ်မြေခံစစ်တပ်က သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်ခဲ့မှုကြောင့် လူငယ် ၂ ဦး သေဆုံးခဲ့ပြီး နောက်ပိုင်း လုံခြုံရေး အထူး တင်းကြပ်ထားတယ်လို့ သိရပါတယ်။ သေဆုံးသူ လူငယ်နှစ်ဦးရဲ့ ရုပ်အလောင်းတွေကို လောလော ဆယ် ပဲခူးမြို့ ပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံမှာ ထားပြီး မနက်ဖြန်သြင်္ဂိုဟ်ဖို့ စီစဉ်ထားကြောင်း အာဏာပိုင်တွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။

2010.09.06
bago_killing_obituary_305_z ၂၀၁၀ ခုနှစ် စက်တင်ဘာလ ၅ ရက်နေ့တွင် နယ်မြေခံစစ်တပ်က သေနတ်နှင့် ပစ်သတ်သောကြောင့် သေဆုံးခဲ့ရသည့် ပဲခူးမြို့ ဇိုင်းဂနိုင်းရပ်ကွက်နေ လူငယ်နှစ်ဦးထဲမှ မောင်စိုးပိုင်ဇော်၏ နာရေးဖိတ်ကြားစာ ဖြစ်ပါသည်။ (Image: RFA)
Image: RFA

ပဲခူးမြို့ ဇိုင်းဂနိုင်းရပ်ကွက်က လူငယ်နှစ်ဦးဖြစ်တဲ့ အသက် ၂၂ နှစ်အရွယ် မောင်အောင်သူဟိန်းနဲ့ အသက် ၁၈ နှစ်အရွယ် မောင်စိုးပိုင်ဇော်တို့ဟာ ပဲခူးမြို့ ခြေလျင်တပ်ရင်း ၅၉က အရာရှိတဦးနဲ့ လက်ဖက်ရည်ဆိုင်မှာ စကားများခဲ့ပြီးနောက် ညသန်းခေါင်ကျော်မှာ သူတို့ရဲ့နေအိမ်ကို အရာရှိနဲ့ တပ်သား ၁ဝ ဦး ရောက်လာပြီး သေနတ်နဲ့ ပစ်ခတ် သတ်ဖြတ်ခဲ့တာလို့ မြို့ခံတွေက ပြောပါတယ်။

အခုလို အပြစ်မဲ့ ပြည်သူနှစ်ဦးကို ဥပဒေမဲ့ ရက်ရက်စက်စက် ကျူးလွန်ခဲ့တဲ့ နယ်မြေခံ စစ်တပ်ရဲ့ လုပ်ရပ်ကို (၈၈) မျိုးဆက်ကျောင်းသားများအဖွဲ့အနေနဲ့ ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချကြောင်း ကျောင်းသားခေါင်းဆောင် တဦးဖြစ်သူ ကိုစိုးထွန်းက ပြောပါတယ်။

“လက်ရှိ ပဲခူးမြို့သူမြို့သားတွေ ခံစားနေရတာ ရေဘေးဒုက္ခပါပဲ။ စားဝတ်နေရေး ကြပ်တည်းမှုက တမျိုး၊ သဘာဝ ဘေးအန္တရာယ်ကတမျိုးနဲ့ လူမှုဒုက္ခ အမျိုးမျိုး ခံစားနေရတဲ့အချိန်မှာ ပြည်သူလူထုကို ကူညီစောင့်ရှောက်ရမယ့် ဒီ တပ်မတော် အစိုးရရဲ့ ဝန်ထမ်းတွေဖြစ်တဲ့၊ ပြည်သူ့ဘဏ္ဍာကို စားသုံးနေကြတဲ့ တပ်မတော်သားတွေက ခုလို လက်နက်အားကိုးပြီး အနိုင်ကျင့်လိုက်တာ တကယ့်ကို မဖြစ်သင့်တဲ့ကိစ္စ ပေါ့ဗျာ။ တရားဥပဒေ စိုးမိုးမှု လုံးဝမရှိဘူး၊ ငါတို့ လုပ်ချင်ရာလုပ်မယ် ဆိုတဲ့ ပုံစံမျိုး ဖြစ်နေတယ်။ ပြည်သူ့ အခွန်ဘဏ္ဍာနဲ့ ဝယ်ပြီးတော့ ပြည်သူကို ကာကွယ်စောင့်ရှောက်ဖို့ တပ်ဆင်ပေးထားတာ ဖြစ်ပါတယ်။ ဒီလုပ်ရပ်ဟာ တရားဥပဒေ စိုးမိုးမှု လုံးဝမရှိဘူးဆိုတာ ပြသလိုက်တာ ဖြစ်တဲ့အတွက် ဒါကို ကျနော်တို့ လုံးဝ ရှုတ်ချတယ်”

စစ်အစိုးရအနေနဲ့ အခုကိစ္စကို ထိထိရောက်ရောက် ကိုင်တွယ်ဆောင်ရွက်ဖို့နဲ့ နောက်နောင် အလားတူ ကိစ္စမျိုးတွေ မပေါ်ပေါက်အောင် ထိန်းသိမ်းဆောင်ရွက်ဖို့ (၈၈) မျိုးဆက် ကျောင်းသားများအဖွဲ့ အနေနဲ့ တိုက်တွန်းကြောင်း ကိုစိုးထွန်းက ပြောပါတယ်။

တချိန်ထဲမှာ အမှုခင်းဖြစ်ပွားတဲ့ ပဲခူးမြို့နယ်ဟာ ပြည်ထောင်စု ဒီမိုကရေစီပါတီ (UDP) က ပါတီဥက္ကဌ ဖြစ်သူ ဦးသိန်းဌေး ကိုယ်စားလှယ်အဖြစ် ရွေးကောက်ပွဲ ယှဉ်ပြိုင်မယ့် မဲဆန္ဒနယ်ဖြစ်လို့ ဒီဖြစ်ရပ်အပေါ် တာဝန်ရှိသူတွေက စုံစမ်းဖော်ထုတ်ပေးဖို့၊ တရားဥပဒေ စိုးမိုးရေးနဲ့ နယ်မြေ အေးချမ်းရေးအတွက် လက်ရှိ အာဏာယူထားတဲ့ ကြံ့ခိုင်ရေးပါတီက ခေါင်းဆောင်ပိုင်းအနေနဲ့ ပူးပေါင်း ဖြေရှင်းပေးဖို့ ယူဒီပီ ပါတီ အလုပ်အမှုဆောင်အဖွဲ့က ဒီကနေ့ ကြေညာချက် ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။

ဒီအကြောင်းတွေနဲ့ ပတ်သက်ပြီး နောက်ဆုံးအခြေအနေကို အာအက်ဖ်အေ ဝိုင်းတော်သူ မခင်ခင်အိ ဆက်သွယ်မေးမြန်း တင်ပြထားတာကို အပြည့်အစုံ နားဆင်နိုင်ပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
ဒီပစ်သတ်မှုအပေါ် ဥပဒေကြောင်းအပြင် လူ့အခွင့်အရေးရှုထောင့်က သိနိုင်ဖို့ ရန်ကုန်အခြေစိုက် ဥပဒေအကြံပေး ရှေ့နေ ဦးအောင်သိန်းနဲ့ ထိုင်းနိုင်ငံ အခြေစိုက် မြန်မာနိုင်ငံ ရှေ့နေများကောင်စီက ရှေ့နေ ဦးသိန်းဦးကို အာအက်ဖ်အေ ဝိုင်းတော်သား ဦးဝင်းနိုင်က မေးမြန်းပြီး တင်ပြထားတာကိုလည်း တဆက်တည်း နားဆင်နိုင်ပါတယ်။
ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။