ဗိုလ်မှူးအဆင့် အပါအဝင် ရဲနဲ့ စစ်သား သုံးဆယ်ကျော် CDM ဝင်လာကြောင်း NUG ပြော

RFA Burmese
2024.12.16
ဗိုလ်မှူးအဆင့် အပါအဝင် ရဲနဲ့ စစ်သား သုံးဆယ်ကျော် CDM ဝင်လာကြောင်း NUG ပြော ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင် ဗိုလ်မှူးနှစ်ဦး အပါအဝင် စစ်သည် ခြောက်ဆယ်ကျော် CDM ဝင်လာကြောင်း NUG က ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၃၁ ရက်က ထုတ်ပြန်ထားစဥ်။
Screenshot: Facebook/ Ministry of Defence - National Unity Government of Myanmar Video

နိုဝင်ဘာလတစ်လအတွင်း ဗိုလ်မှူးတစ်ဦး အပါအဝင် စစ်ကောင်စီတပ်သားနဲ့ ရဲတပ်ဖွဲ့ဝင် ၃၃ ဦး အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်လာတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနက ဒီဇင်ဘာလ ၁၆ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

NUG ရဲ့ ပြည်သူ့ရင်ခွင် အကောင်ထည်ဖော်ဆောင်မှု ဗဟိုကော်မတီနဲ့ PDF တပ်ရင်းတပ်ဖွဲ့တွေကို ဆက်သွယ်ခိုလှုံလာသူတွေဖြစ်ပြီး စစ်ကောင်စီတပ်သား ၂၆ ဦးနဲ့ ရဲတပ်ဖွဲ့ဝင် ခုနစ်ဦး ပါဝင်တယ်လို့ ဆိုပါတယ်။

အဲဒီအထဲမှာ လက်နက်နဲ့တကွ ခိုလှုံလာသူ နှစ်ဆယ်ပါဝင်တာကြောင့် လက်နက်တန်ဖိုးအလိုက် ဆုငွေတွေလည်း ပေးအပ်ခဲ့တယ်လို့ NUG က ပြောပါတယ်။

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီကနေ နိုဝင်ဘာအထိ ၁၁ လအတွင်းမှာတော့ ဒုတိယဗိုလ်မှူးကြီးအဆင့် အပါအဝင် CDM ဝင်လာသူ စစ်ကောင်စီတပ်သား၊ ရဲတပ်ဖွဲ့၊ အကျဥ်းဦးစီးဌာန ဝန်ထမ်း၊ စုစုပေါင်း ၄၇၉ ဦး ရှိတယ်လို့ NUG က ထုတ်ပြန်ထားပါတယ်။

CDM ဝင်လာသူတွေကို ကူညီပံ့ပိုးတာတွေ လုပ်နေတယ်လို့ NUG ဝန်ကြီးချုပ်ရုံး ပြောခွင့်ရသူ ဦးနေဘုန်းလတ်က ဒီဇင်ဘာလ ၁၀ ရက်နေ့ထုတ်ပြန်တဲ့ ပြည်သူနဲ့ နိုင်ငံတကာသို့ သတင်းစကားပြောခြင်း အစီအစဥ်မှာ ထည့်သွင်းပြောဆိုပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိသေးပါဘူး။

စစ်တပ်အာဏာသိမ်းကာလအတွင်း CDM ဝင်လာတဲ့ စစ်ကောင်စီတပ်သားနဲ့ ရဲတပ်ဖွဲ့ဝင် ၁၅၀၀၀ ခန့် ရှိလာပြီလို့ NUG က ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။