အာရပ် ဒီမိုကရေစီရေး ဆန္ဒပြပွဲမျိုး ပေါ်မပေါ် အစိုးရ အပေါ်မှာ မူတည်
2011.06.17

(Photo: AFP)
RFA က သောကြာနေ့ညတိုင်း ထုတ်လွှင့်နေတဲ့ လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီစဉ် အတွင်း အမေရိကန် အထက်လွှတ်တော် အမတ် John McCain ရဲ့ ပြောကြားချက်နဲ့ ပတ်သက်ပြီး မလေးရှား နိုင်ငံမှာ ရောက်ရှိ သီတင်းသုံးနေတဲ့ မြန်မာ ရဟန်းတော် တပါးရဲ့ အမေးကို ဖြေကြားရာမှာ ဒေါ်အောင်ဆန်းစုကြည် က အခုလို ပြန်လည်ဖြေကြား လျှောက်ထား လိုက်တာ ဖြစ်ပါတယ်။
"အခြေအနေ အရ နိုင်ငံ တနိုင်ငံမှာ ဖြစ်နိုင်ခြေရှိတာကို John McCain က ပြောသွားတာပါ ဘုရား။ ဖြစ်စေချင်သည် ဖြစ်စေ၊ ဖြစ်စေချင်သည် ဖြစ်စေ၊ တချို့ ကိစ္စတွေက ဖြစ်သွားတဲ့အခါမှာ အကောင်းဆုံး ရလာဒ်ရအောင်သာ ကြိုးစားရမယ်လို့ ထင်ပါတယ် ဘုရား။ အာရပ်နိုင်ငံတွေမှာ ဖြစ်နေတာမျိုး မြန်မာနိုင်ငံမှာ မဖြစ်ဘူးလို့လည်း တပ်အပ် ပြောလို့ရနိုင်မယ်လို့ မထင်ပါဘူး ဘုရား။ ဒါက တိုင်းပြည် အုပ်ချုပ်သူတွေရဲ့ လုပ်ဆောင်ချက်တွေနဲ့ ပြည်သူတွေရဲ့ ဆန္ဒတွေပေါ်မှာ အခြေခံပြီး အဖြေပေါ်လာမယ်လို့ ထင်ပါတယ် ဘုရား။"
မြန်မာနိုင်ငံကို ပြီးခဲ့တဲ့ ဇွန်လ ပထမပတ်က လာရောက် လည်ပတ်ခဲ့တဲ့ အမေရိကန် အထက်လွှတ်တော် အမတ် John McCain ရဲ့ ခရီးစဉ် အပြီး သတင်း ထုတ်ပြန်ရာမှာ မြန်မာနိုင်ငံမှာ အစိုးရက နိုင်ငံရေး ပြုပြင် ပြောင်းလဲရေး လုပ်ဆောင်ဖို့၊ နိုင်ငံရေး ပြုပြင် ပြောင်းလဲတာကို တဖြည်းဖြည်းချင်း ပြောင်းလဲဖို့ ပျက်ကွက်ရင် အာရပ်ကမ္ဘာက ဒီမိုကရေစီရေး ဆန္ဒြုပ အုံကြွမှုတွေလို တော်လှန်ရေးနဲ့ ပြောင်းလဲတာ ကြုံနိုင်ကြောင်း ပြောကြားခဲ့တဲ့ အပေါ် အခြေခံပြီး မေးခဲ့တာ ဖြစ်ပါတယ်။
အလားတူပဲ ဒီတပတ် အစီအစဉ်မှာ မြန်မာနိုင်ငံက နိုင်ငံရေး ပါတီ တချို့ဟာ စီးပွားရေး လုပ်ငန်းတွေ ထူထောင်ပြီး ပါတီ စီးပွားရေး အတွက် လုပ်ဆောင်နေကြတာနဲ့ ပတ်သက်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ဝေဖန်ပါတယ်။
"NLD က နိုင်ငံရေး ပါတီတခုဟာ စီးပွါးရေး လုပ်ငန်း လုပ်ကိုင်မယ်ဆိုရင် မလိုလားအပ်တဲ့ အကျိုးဆက်တွေ ရှိနိုင်မယ် ဆိုတာကို ထောက်ပြခဲ့ပါတယ်။ နိုင်ငံရေးက တဖက်၊ စီးပွါးရေး လုပ်ငန်းက တဖက်ဆိုရင် နှစ်ဖက်စလုံး ရှုတ်ရှုတ်ထွေးထွေးနဲ့ မအောင်မမြင်တွေ ဖြစ်နိုင်ပါတယ်။"
နိုင်ငံရေး ပါတီတခု အနေနဲ့ တပြိုင်နက်ထဲ စီးပွားရေး လုပ်ဆောင်ဖို့ သင့်မသင့် ထိုင်းနိုင်ငံရောက် သောတရှင် တဦးရဲ့ မေးမြန်းချက်အပေါ် အခုလို ဖြေကြားလိုက်တာ ဖြစ်ပါတယ်။
လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ် အပြည့်အစုံကို အာအက်အေ မြန်မာပိုင်း အစီအစဉ်မှာ နားဆင်နိုင်ပါတယ်။