အာဏာသိမ်းမှုကြောင့် စစ်ဘေးဒုက္ခသည် ရှစ်သိန်းခွဲကျော် တိုးလာကြောင်း UNOCHA ထုတ်ပြန်

2022.07.27
အာဏာသိမ်းမှုကြောင့် စစ်ဘေးဒုက္ခသည် ရှစ်သိန်းခွဲကျော် တိုးလာကြောင်း UNOCHA ထုတ်ပြန် ပဲခူးတိုင်း ညောင်လေးပင်ခရိုင်အတွင်းမှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၂ ခုနှစ် ဇူလိုင်လ ၂ ရက်နေ့က တွေ့ရစဉ်။
Photo: Citizen Journalist

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာတဲ့ ပဋိပက္ခနဲ့ မလုံခြုံမှုတွေကြောင့် ပြီးခဲ့တဲ့ ဇူလိုင်လ ၁၁ ရက်နေ့အထိ အိုးအိမ်စွန့်ခွာထွက်ပြေးရသူ ၈၅၇,၉၀၀ ဦးအထိ ရှိလာတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေးရုံး UN OCHA က ဇူလိုင်လ ၂၇ ရက် မနေ့က ထုတ်ပြန်ပါတယ်။

အာဏာမသိမ်းခင်ကာလကရှိခဲ့တဲ့ အိုးအိမ်စွန့်ခွာထွက်ပြေးနေရသူ ၃၄၆,၆၀၀ ဦးနဲ့ပေါင်းရင် စုစုပေါင်းဒုက္ခသည်အရေအတွက်ဟာ ၁.၂သန်းထိ ရှိလာတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံအရှေ့တောင်ပိုင်းမှာ တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် ဇူလိုင်လအစောပိုင်းကစလို့ အရပ်သား ၁၈,၃၇၀ ခန့်ကို ဘေးကင်းလုံခြုံတဲ့နေရာတွေကို ရွှေ့ပြောင်းခဲ့ရတယ်လို့လည်း ဇူလိုင်လ ၂၀ ရက်နေ့က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဇူလိုင်လဆန်းပိုင်းကစလို့ ထွက်ပြေးနေရသူတွေအထဲမှာ ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်မှာရှိတဲ့ ကျေးရွာ ၁၈ ရွာက ဒေသခံ ၁၂,၃၀၀ ဦး ၊ တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ်မှာရှိတဲ့ ကျေးရွာ ခုနစ်ရွာက ဒေသခံ ၁ဝဝဝ ဦး၊ မွန်ပြည်နယ် သထုံမြို့နယ်မှာ ၁၅၀၀ ခန့်၊ ကရင်ပြည်နယ် ဘားအံမြို့နယ်မှာ ၅ဝဝ ဦး၊ ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်မှာ ၇ဝ ဦးနဲ့ မိုးကောင်းမြို့နယ်က ၃၀၀၀ ဦးခန့် ပါဝင်တယ်လို့ ဇူလိုင်လ ၂၀ရက်နေ့က ထုတ်ပြန်ချက်က ဆိုပါတယ်။

ပြီးခဲ့တဲ့ တစ်ပတ်အတွင်း ပြည်နယ်နဲ့တိုင်းတွေမှာ စစ်ကောင်စီတပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြား တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပြီး လုံခြုံရေးအခြေအနေတင်းမာနေတာကြောင့် လူသားချင်းစာနာမှု လိုအပ်ချက်အခြေအနေတွေ ဆက်လက်မြင့်တက်နေတယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

စစ်ကိုင်းတိုင်းနဲ့ထိစပ်နေတဲ့ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော်တို့ကြားမှာ လက်နက်ကိုင်တိုက်ပွဲတွေ ပိုမိုပြင်းထန်လာမှုကြောင့် အိုးအိမ်စွန့်ခွာ ရွှေ့ပြောင်းအခြေချရတဲ့အခြေအနေ ထပ်မံဖြစ်ပေါ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အလားတူ ရခိုင်ပြည်နယ်မြောက်ပိုင်း၊ မောင်တောမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ရက္ခိုင့်တပ်တော်တို့အကြား ဇူလိုင်လ ၁၈ ရက်နေ့က တိုက်ပွဲဖြစ်ပွားအပြီး ရသေ့တောင်မြို့နယ်မှာ လုံခြုံရေးအခြေအနေ မတည်မငြိမ်ဖြစ်ပြီး နေရပ်စွန့်ခွာရွှေ့ပြောင်းအခြေချနေရမှုတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။

ညမထွက်ရအမိန့်နဲ့ ဧည့်စာရင်းစစ်တာအပါအဝင် အသွားအလာကန့်သတ်ချက်တွေနဲ့ တခြားလုံခြုံရေးအစီအမံချက်တွေရှိတာကြောင့် အရေးပေါ်လိုအပ်ချက်တွေရှိလာခဲ့ရင် လူသားချင်းစာနာမှုအကူအညီတွေပေးနိုင်ဖို့လည်း လုပ်ဆောင်မယ်လို့ ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။