မြန်မာ့အရေး အမေရိကန်စိတ်ပျက်သော်လည်း လက်ရှိမူဝါဒ မပြောင်းလဲ

မြန်မာနိုင်ငံရဲ့ လက်ရှိ နိုင်ငံရေး အခြေအနေတွေနဲ့ ပတ်သက်ပြီး စိတ်ပျက်ရပေမဲ့ မိမိတို့ရဲ့ လက်ရှိ မူဝါဒအတိုင်း ဆက်လက် ကိုင်စွဲသွားမှာ ဖြစ်ကြောင်း အရှေ့အာရှရေးရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ကတ် ကင်းဘဲလ်က ပြောကြားလိုက်ပါတယ်။

2010.09.17
kurt_campbell_305_z.jpg အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက်နိုင်ငံခြားရေး ဝန်ကြီး ကတ် ကင်းဘဲလ်။ (Photo: AFP)
(Photo: AFP)

အမေရိကန် ငြိမ်းချမ်းရေးအသင်း စည်းဝေးပွဲတခုမှာ စက်တင်ဘာ ၁၆ ရက် မနေ့က ပြောကြားခဲ့တာပါ။ အခုထိ မိမိတို့ တွေ့မြင်နေရတာတွေအရ နိုဝင်ဘာ ရွေးကောက်ပွဲဟာ နိုင်ငံတကာက တရားဝင် လက်ခံနိုင်မဲ့ ရွေးကောက်ပွဲ ဖြစ်မှာ မဟုတ်ပါဘူး၊ ဒါပေမဲ့ မြန်မာပြည်နဲ့ ပတ်သက်ပြီး ဘယ်နည်းလမ်းက ကောင်းသလဲဆိုတာ ရွေးချယ်ရ ခက်ခဲနေပေမဲ့ ထိတွေ့ ဆက်ဆံရေးနည်းလမ်းကသာ အကောင်းဆုံးဖြစ်ပါတယ်လို့ မစ္စတာ ကင်းဘဲလ် က ပြောပါတယ်။

ရွေးကောက်ပွဲအပြီး မြန်မာပြည်မှာ လူသစ်တွေ၊ ပုံစံအသစ်တွေ၊ လုပ်ပိုင်ခွင့်အာဏာ ကူးလူးဆက်ဆံမှု အသစ်တွေ ပေါ်ပေါက်လာနိုင်ပါတယ်၊ ဖြစ်ပေါ်လာမဲ့အနေအထားတွေကို စောင့်ကြည့်ဖို့ လိုပါတယ်၊ မြန်မာပြည်ရဲ့ နိုင်ငံရေး တိုးတက်မှုတွေအပေါ် မူတည်ပြီး ဆုပေး ဒဏ်ပေးစနစ်ကို တပြိုင်နက် ကျင့်သုံးဖို့ အဆင်သင့်ပါပဲလို့လည်း မစ္စတာ ကတ် ကင်းဘဲလ်က ပြောပါတယ်။

အမေရိကန် ပြည်ထောင်စုအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ဖို့ မြန်မာစစ်အစိုးရကို ဖျောင်းဖျရေး၊ မြောက်ကိုရီးယားနဲ့ နျူကလီယား ဆက်ဆံရေး အခြေအနေကို ရှင်းရှင်း လင်းလင်း သိရှိရေးတွေအပေါ် အဓိကထားခဲ့ပါတယ်။ ဒါပေမဲ့စစ်အစိုးရက ဘာမှ လိုက်လျောပဲ နိုဝင်ဘာ ရွေးကောက်ပွဲ မတိုင်ခင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို တရားဝင် ဖျက်သိမ်းကြောင်း ကြေညာခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။