ပြည်ထောင်စုနေ့ အခမ်းအနားတွေကို သမ္မတ သဝဏ်လွှာပေးပို့


2017.02.12
union-day-ygn-620.jpg ဖေဖော်ဝါရီလ ၁၂ ရက်နေ့က ရန်ကုန်မြို့မဟာဗန္ဓုလပန်းခြံမှာ ကျင်းပတဲ့ နှစ် ၇၀ ပြည့် ပြည်ထောင်စုနေ့အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း တက်ရောက်လာစဉ်
Photo: Aung Thain Kha/ RFA

ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး အတွက် တိုင်းရင်းသား အချင်းချင်းအပြန်အလှန် ညှိနှိုင်း တိုင်ပင်ပြီး ပြည်ထောင်စုကြီး တစ်ရပ် တည်ထောင်ကြဖို့ နိုင်ငံတော် သမ္မတ ဦးထင်ကျော်က တိုက်တွန်းလိုက် ပါတယ်။

ပြည်ထောင်စုနေ့ အခမ်းအနားတွေထံ ပေးပို့တဲ့ နိုင်ငံတော်သမ္မတ ဦးထင်ကျော် ရဲ့ သဝဏ်လွှာကို ဒီနေ့ ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံမှာ ကျင်းပတဲ့ အခမ်းအနား မှာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဖတ်ကြားခဲ့ တာဖြစ်ပါတယ်။

"နှစ် ၇ဝ မြောက် ပြည်ထောင်စုနေ့ အမျိုးရေးဦးတည်ချက် ၄ ရပ်ဖြစ်တဲ့  ပြည်ထောင်စု စိတ်ဓါတ် နိုးကြားရှင်သန်ရေး၊ အမျိုးသားစည်းလုံးညီညွတ်မှု  ခိုင်မာအောင်တည်ဆောက်ရေး၊ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကြီး ပေါ်ပေါက်ရေး၊  ပြည်သူများ၏ လူမှုစီးပွားဘဝများ တိုးတက်မြင့်မားရေး တို့ကို အောင်မြင်အောင်  ကြိုးပမ်းအကောင်အထည်ဖော်သွားပါလို့ တိုက်တွန်းရင်း ပြည်ထောင်စုနေ့  သဝဏ်လွှာကို ပေးပို့လိုက်ပါတယ်"

ဒီကနေ့ အခမ်းအနားကို တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေ၊ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ ပြည်သူ ၃ ထောင်နီးပါး တက်ရောက်ခဲ့ကြပါတယ်။

နေပြည်တော်မှာ ကျင်းပတဲ့ ပြည်ထောင်စုနေ့ အခမ်းအနားကို ဒုတိယသမ္မတဦးမြင့်ဆွေ၊ ပြည်ထောင်စု ဝန်ကြီးတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပြီး ဒုတိယသမ္မတ ဦးမြင့်ဆွေက သမ္မတရဲ့ သဝဏ်လွှာကို ဖတ်ကြားခဲ့ပါတယ်။

အမျိုသားပြန်လည်သင့်မြတ်ရေး နဲ့ စည်းလုံးရေးအတွက် ဖြေရှင်းချက်က ဒီမိုကရေစီဖယ်ဒရယ် ပြည်ထောင်စု တည်ထောင်ရေးဖြစ်ကြောင်း လည်း နိုင်ငံတော် သမ္မတရဲ့ သဝဏ်လွှာမှာ ပါရှိပါတယ်။

ဒါ့အပြင် လွတ်လပ်ရေးရပြီး အကြောင်းအမျိုးမျိုးကြောင့် ပြည်တွင်းငြိမ်းချမ်းရေး ခိုင်မာအောင် မတည်ဆောက်နိုင် ခဲ့တာကြောင့် တိုင်းရင်းသားပြည်သူတွေရဲ့ လူမှုဘဝနိမ့်ကျခဲ့ရတယ်လို့လည်း ပါရှိပါတယ်။

ပြည်သူတရပ်လုံး လိုလားတောင့်တနေတဲ့ ပြည်တွင်းငြိမ်းချမ်းရေး ခိုင်မာအောင်တည်ဆောက်နိုင်ရင် မြန်မာနိုင်ငံကို ကမ္ဘာ့အလယ်မှာ ဝင့်ထည် လာအောင် ဆောင်ကြဉ်းနိုင်မှာဖြစ်ကြောင်း နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးအတွက် နိုင်ငံရေး နဲ့ စီးပွားရေး ဒွန်တွဲလျက်ရှိပြီး စီးပွားရေးမူဝါဒကို အခြေခံတဲ့ အုတ်မြစ်တွေထဲက အရေးကြီးဆုံးအချက်က အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ အမျိုးသားပြန်လည် ရင်ကြားစေ့ရေးဖြစ်တယ်လို့ ပါရှိပါတယ်။

နှစ် ၇၀ ပြည့် အမျိုးသားနေ့ အထိမ်းအမှတ်အဖြစ် ပြည်ထောင်စုစိတ်ဓာတ်ရှင်သန်ရေး၊ အမျိုးသားစည်းလုံး ညီညွတ်မှုခိုင်မာအောင်တည်ဆောက်ရေး၊ ဒီမိုကရေစီဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနဲ့ ပြည်သူတွေရဲ့ လူမှုစီးပွားဘဝမြင့်မာရေးဆိုပြီး ဦးတည်ချက် ၄ ရပ် ချမှတ် ထားတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။