ဗိုလ်ရှုသဘင်ပွဲ KNU တက်ရောက်တာ မရှိလို့ဆို

2022.02.12
ဗိုလ်ရှုသဘင်ပွဲ KNU တက်ရောက်တာ မရှိလို့ဆို ကရင်အမျိုးသားအစည်းအရုံး (KNU) ဒူးပလာယာခရိုင် ဥက္ကဋ္ဌ ပဒိုစောရွှေမောင်း ကို တွေ့ရစဉ်
Photo: KIC

နေပြည်တော်မှာ ဒီနေ့ကျင်းပတဲ့ ၇၅ နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ဗိုလ်ရှုသဘင် အခမ်းအနားကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တချို့ တက်ရောက် ခဲ့ရာမှာ ကရင်အမျိုးသား အစည်းအရုံး KNU က ကိုယ်စားလှယ် တက်ရောက်တာမရှိဘူးလို့ KNU က ပြောပါတယ်။

စစ်ကောင်စီက ထုတ်ပြန်တဲ့ အခမ်းအနား ဓာတ်ပုံတွေထဲမှာ KNU ရဲ့ ဒူးပလာယာခရိုင် ဥက္ကဋ္ဌဟောင်း ပဒိုစောရွှေမောင်း တက်ရောက်ခဲ့ပေမယ့် KNU နဲ့ မသက်ဆိုင်ဘူးလို့ KNU ရဲ့ နိုင်ငံခြားရေး တာဝန်ခံ ပဒိုစောတောနီးက RFA ကို ပြောပါတယ်။

"ပုဂ္ဂလိက တစ်ဦးချင်းပဲ တက်ရောက်တာပါ။ KNU ကို ဖိတ်တာတော့ ရှိပါတယ်။ ကျွန်တော်တို့ကတော့ မသွားဘူးလို့ နဂိုကတည်းက ယတိပြတ် ပြောထားပြီးသားလေ။ တစ်ဦးချင်းသွားတာဖြစ်လို့ အဖွဲ့အစည်းနဲ့ လုံးဝမဆိုင်ပါဘူး "

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေထဲက ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) မှာ လက်မှတ်ထိုးထားတဲ့ အဖွဲ့ခုနှစ်ဖွဲ့နဲ့ လက်မှတ် မထိုးရသေးတဲ့ အဖွဲ့လေးဖွဲ့တို့ တက်ရောက်တယ်လို့ ဆိုထားပါတယ်။

NCA လက်မှတ်မထိုးရသေးတဲ့ ရက္ခိုင့်တပ်တော် (AA/ULA) က ဗိုလ်ချုပ် ထွန်းမြတ်နိုင်ရဲ့ ညီ ကိုအောင်မြတ်ကျော်နဲ့ နိုင်ငံရေးမှူး ဦးဦးလှစော၊ ဝ ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) က လားရှိုး မြို့ ဆက်ဆံရေးတာဝန်ခံ ဦးညီရမ်း၊ ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP/SSA) က ဗဟိုကော်မတီဝင် စိုင်းနော်လိတ်၊ မိုင်းလားအဖွဲ့ (NDAA) က ဆက်ဆံရေးအရာရှိကြီးမှူး စိုင်းမောက် တို့ တက်ရောက်ခဲ့ပါ တယ်။

NCA လက်မှတ်ထိုးထားတဲ့အဖွဲ့တွေထဲမှာ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA)၊ မွန်ပြည်သစ်ပါတီ (MNSP) က နိုင်စိုက်ချမ်း၊ ရခိုင်ပြည်လွတ်မြောက်ရေး ပါတီ (ALP) က ဒု-ဥက္ကဋ္ဌ ဒေါ်စောမြ ရာဇာလင်းနဲ့ စစ်ဦးစီးချုပ် ခိုင်စောမြ၊ လားဟူ ဒီမိုကရက်တစ် အစည်းအရုံး (LDU)၊ KNU-KNLA (PC)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) တို့နဲ့ ကရင်အမျိုးသား အစည်းအရုံး (KNU) က ဒူးပလာယာခရိုင် ဥက္ကဋ္ဌဟောင်း ပဒိုစောရွှေမောင်း တက်ရောက်ခဲ့တာ တွေ့ရပါတယ်။

နေပြည်တော်က ပြည်ထောင်စုနေ့ အခမ်းအနားကို ULA/AA က ဦးဦးလှစော ဦးဆောင်တဲ့ ကိုယ်စား လှယ်အဖွဲ့တက်ရောက်တယ်လို့ ရက္ခိုင့်တပ်တော် AA ရဲ့ ပြန်ကြားရေးတာန်ခံ ခိုင်သုခက သူ့ရဲ့လူမှုကွန်ရက်မှာ ဖော်ပြထားတာ တွေ့ရပါတယ်။

ဖေဖော်ဝါရီ ၁၂ ရက် ဒီနေ့ကျရောက်တဲ့ ပြည်ထောင်စုနေ့ အခမ်းအနားကို စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဗိုလ်ရှုသဘင် အခမ်းအနားအနေနဲ့ ကျင်းပပြီး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ အစည်းတွေကို ခေါ်ယူဖိတ်ကြားကာ ကျင်းပခဲ့ပါတယ်။ နိုင်ငံတည်ဆောက်ရေးမှာ နိုင်ငံနဲ့ သဟဇာတ ဖြစ်မယ့်စနစ်မျိုးကို ရွေးချယ်ဆောင်ရွက်ဖို့ လိုတယ်လို့ သူ့ရဲ့ မိန့်ခွန်းမှာ ထည့်သွင်းပြောခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။