အိန္ဒိယက ရိုဟင်ဂျာတွေ မြန်မာကိုပြန်ပို့တာကို ဖြေရှင်းဖို့ UNHCR တောင်းဆို
2019.01.05
အိန္ဒိယနိုင်ငံမှာ ဖမ်းဆီးရမိတဲ့ ရိုဟင်ဂျာတွေကို မြန်မာနိုင်ငံကို ပြန်လည် ပို့ဆောင်နေတာတွေကို ကုလသမဂ္ဂ ဒုက္ခသည်များအေဂျင်စီ (UNHCR) က ဝမ်းနည်းကြောင်းနဲ့ ရှင်းလင်းချက်ပေးဖို့ ဆက်လက်တောင်းဆိုကြောင်း UNHCR က ကြေညာချက်ထုတ်ပြန် ပြောကြားလိုက်ပါတယ်။
ရခိုင်ပြည်နယ်ကနေ ထွက်ပြေးလာပြီး အိန္ဒိယနိုင်ငံမှာ ဖမ်းဆီးခံရတဲ့ ရိုဟင်ဂျာ ၅ ဦးကို ပြီးခဲ့တဲ့ရက်ပိုင်းက အိန္ဒိယ- မြန်မာနယ်စပ်ကနေ မြန်မာနိုင်ငံကို ပြန်လည်ပို့ဆောင်ခဲ့သလို ပြီးခဲ့တဲ့ အောက်တိုဘာလ တုန်းကလည်း ရိုဟင်ဂျာ ၇ ဦးကို ပြန်လည်ပို့ဆောင်ခဲ့တာကြောင့် အိန္ဒိယနိုင်ငံအနေနဲ့ ပြန်လည်ရှင်းလင်းဖို့ UNHCR က မနေ့က တောင်းဆိုလိုက်တာဖြစ်ပါတယ်။
ပြန်လည်ပို့ဆောင်ခံရတဲ့ ရိုဟင်ဂျာတွေဟာ ၂၀၁၃ ခုနှစ်တည်းက အိန္ဒိယနိုင်ငံ အာသံပြည်နယ်မှာ ဖမ်းဆီး ခံထားရတာဖြစ်ပြီး သူတို့တွေအမှန်တကယ် နေရပ်ပြန်လို့တဲ့ ဆန္ဒရှိ၊ မရှိကို UNHCR က တွေ့ဆုံမေးမြန်းခွင့် ရဖို့ကြိုးစားခဲ့တာကို အိန္ဒိယ အာဏာပိုင်တွေက ခွင့်မပြုခဲ့ဘူးလို့လည်း UNHCR က ထောက်ပြထားပါတယ်။
အိန္ဒိယနိုင်ငံမှာ ဒုက္ခသည်အဖြစ်ခိုလှုံနေတဲ့ ရိုဟင်ဂျာ ၄ သောင်းကျော်ရှိပြီး အဲ့ဒီထဲက ဒုက္ခသည် ၁ သောင်း ရှစ်ထောင်ကို UNHCR က ဒုက္ခသည်အဖြစ် အသိအမှတ်ပြုထားပါတယ်။