ထိုးစစ်ဆင်မှုတွေကို ရပ်ဆိုင်းပေးဖို့ အစိုးရတပ်မတော်ကို UNA တောင်းဆို
2016.10.15

ကချင်၊ ရှမ်းနဲ့ ကရင်ပြည်နယ်တွေမှာ အစိုးရတပ်မတော်က ထိုးစစ်ဆင်တိုက်ခိုက်နေတာတွေကို ရပ်ဆိုင်းပေးဖို့ စည်းလုံးညီညွတ်သော တိုင်းရင်းသား မဟာမိတ်အဖွဲ့ UNA က ဒီနေ့ တောင်းဆိုလိုက်ပါတယ်။
ရန်ကုန်မြို့ Panda ဟိုတယ်မှာ ဒီနေ့ ကျင်းပတဲ့ စည်းလုံးညီညွတ်သော တိုင်းရင်းသား မဟာမိတ်အဖွဲ့ UNA အစည်းအဝေးကနေ သဘောထားထုတ်ပြန် တောင်းဆိုလိုက်တာလို့ SNLD ပါတီ အထွေထွေ အတွင်းရေးမှူး ဦးစိုင်းညွန့်လွင် က ပြောပါတယ်။
"တပ်မတော်ထိုးစစ်ကို ရပ်ဆိုင်းစေချင်တာက ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်နဲ့ အထူးသဖြင့် ကချင်ပြည်နယ်မှာပေါ့၊ ကချင်ပြည်နယ်မှာဖြစ်နေတဲ့ ထိုးစစ်တွေကို ရပ်ဆိုင်းထားလိုက်တယ်ဆိုရင် အခုပြန်လည်ကျင်းပမယ့် အမျိုးသားညီလာခံအတွက် အထောက်အကူပြုနိုင်တယ်၊ ဒါပေမဲ့ ရခိုင်ပြည် မှာ ဖြစ်နေတဲ့ထိုးစစ်တွေကတော့ ဒီထဲမှာ မပါပါဘူး"
ရခိုင်ပြည်နယ်မှာဖြစ်ပွားနေတဲ့ ပြဿနာတွေဟာ ပြည်ထောင်စုရဲ့ ပြဿနာဖြစ်ပြီး UNA အဖွဲ့ဟာ ရခိုင်ပြည်နယ် သားတွေနဲ့ တစ်သားတည်းရပ်တည်ကြောင်းနဲ့ အစိုးရက ကိုင်တွယ်ဖြေရှင်းပေးဖို့ UNA အဖွဲ့က တိုက်တွန်းခဲ့ ပါတယ်။
UNA အဖွဲ့ရဲ့ ဒီနေ့ အစည်းအဝေးကနေ ထုတ်ပြန်တဲ့သဘောထား ကြေညာချက်ထဲမှာ နောက်တစ်ကြိမ် ကျင်းပမယ့် ၂၁ ရာစု ပင်လုံညီလာခံမှာ နိုင်ငံရေးပါတီတွေ အားလုံးပါဝင်နိုင်ရေးနဲ့ ပါဝင်သင့် ပါဝင်ထိုက်တဲ့ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့အစည်းတွေ အားလုံးပါဝင်ရေး အတွက်လည်း တောင်းဆိုထားပါတယ်။
ချင်းဒီမိုကရေစီအဖွဲ့ချုပ်၊ ချင်းတိုးတက်ရေးပါတီနဲ့ ရှမ်းနီ(တိုင်းလိုင်) နဲ့ မြောက်ပိုင်း ရှမ်းမျိုးနွယ်စုများ သွေးစည်းညီ ညွတ်ရေးပါတီတို့ကို UNA အဖွဲ့ဝင်တွေအဖြစ် လက်ခံလိုက်ပါတယ်။
UNA အဖွဲ့ဝင်ဖြစ်ဖို့ တင်ပြထားတဲ့ ကချင်ပြည်နယ် ဒီမိုကရေစီပါတီကို အဖွဲ့ဝင်သစ်အဖြစ် လက်ခံဖို့ ယာယီဆိုင်းငံ့ ထားပြီး ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးပါတီကိုတော့ တိုင်းရင်းသားပါတီ မဟုတ်တဲ့အတွက် ငြင်းပယ်လိုက်ပါတယ်။
ဒီနေ့ အစည်းအဝေးကို UNA ခေါင်းဆောင်တွေဖြစ်တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးခွန်ထွန်းဦး၊ ရခိုင်အမျိုးသားပါတီ ဗဟိုအလုပ်အမှုဆောင်နဲ့ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဌ ဦးအေးသာအောင်၊ ဇိုမီးဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ပူကျင့်ရှင်းထန်နဲ့ အဖွဲ့ဝင်တွေ တက်ရောက်ကြပါတယ်။