ကချင်ပြည်နယ် မိုင်ဂျာယန်မှာ ကျင်းပမယ့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ မျက်နှာစုံညီ ညီလာခံကို ညီညွတ်သောတိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ UNA နဲ့ ညီနောင်တိုင်းရင်းသား ပါတီများ ဖက်ဒရေးရှင်း NBF က ကိုယ်စားလှယ် ၅ ဦးစီ တက်ရောက်ကြမှာဖြစ်ပါတယ်။
ညီလာခံမှာ တိုင်းရင်းသားအရေး၊ ဖက်ဒရယ်ပြည်ထောင်စုအရေးတွေကို ဦးစားပေး ဆွေးနွေး သွားမယ်လို့ UNA အဖွဲ့ဝင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် က တွဲဖက်အတွင်းရေးမှုး ၂ ဦးစိုင်းကျော်ညွန့် က ပြောပါတယ်။
"ကျနော်တို့ UNA မူအပေါ်မှာပဲ ရပ်တည်သွားမှာပေါ့လေ၊ အမျိုးသားပြည်နယ်များကို အခြေခံတဲ့ ပြည်ထောင် စုပေါ့လေ၊ အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိတဲ့ပုံစံနဲ့ပဲ ကျနော်တို့က အဲ့လိုရပ်တည်ဖို့ရှိပါတယ်၊ အစကတည်းက UNA ဟာ UNFC နဲ့လည်း အမြဲတမ်းထိတွေ့ဆက်ဆံနေတယ်၊ လက်မှတ်ထိုးပြီးသားအဖွဲ့တွေ လည်း ကျနော်တို့ UNA နဲ့ ထိတွေ့ဆက်ဆံနေတာပဲ၊ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ကျနော်တို့ UNA က မူတွေက အနည်းအကျဉ်းပဲကွာကြတာဆိုတော့ ကျနော်တို့ UNA အနေနဲ့ ဘာမှပြဿနာမရှိဘူး"
အဲ့ဒီညီလာခံကို လာမယ့် ဇူလိုင်လ ၂၆ ရက်နေ့ကနေ ၂၉ ရက်နေ့အထိ ကျင်းပမှာဖြစ်ပြီး တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်မှာ လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေရော၊ လက်မှတ်မထိုး ရသေးတဲ့အဖွဲ့တွေပါ တက်ရောက်ကြမှာ ဖြစ်ပါတယ်။
အစိုးရက လာမယ့် သြဂုတ်လမှာကျင်းပဖို့ လျာထားတဲ့ ၂၁ ရာစုပင်လုံညီလာခံမှာ တိုင်းရင်းသားတွေရဲ့ ဖက်ဒရယ်ပြည်ထောင်စုအရေးတွေကို တင်ပြနိုင်ဖို့နဲ့ လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ညီလာခံကို တက်ရောက်ဖို့ မတက်ရောက်ဖို့ကိစ္စတွေကို ဆွေးနွေးမှာ ဖြစ်ပါတယ်။
UNA ဟာ တိုင်းရင်းသားနိုင်ငံရေးပါတီ ၁၂ ပါတီနဲ့ ဖွဲ့စည်းထားပြီး NBF က တိုင်းရင်းသားနိုင်ငံရေးပါတီ ၂၃ ပါတီနဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ တွဲဖက်အတွင်းရေးမှူး ၂ ဦးစိုင်းကျော်ညွန့် ကို RFA သတင်းထောက် ကိုကျော်သူ က ဆက်သွယ်မေးမြန်းထားပါတယ်။
၂၁ ရာစု ပင်လုံညီလာခံမှာ ဆွေးနွေးမဲ့ အချက်တွေနဲ့ ပတ်သက်ပြီး အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားအဖွဲ့တွေနဲ့ လက်မှတ်ရေးထိုးထားခြင်းမရှိသေးတဲ့ အဖွဲ့တွေ အခုလ ၂၆ ရက်နေ့မှာ တွေ့ဆုံမယ့် မိုင်ဂျာယန် မျက်နှာစုံညီအစည်းအဝေးမှာ ဆွေးနွေးကြမှာဖြစ်ပါတယ်။ ဒီအစည်းအဝေးနဲ့ ပတ်သက်ပြီး အစည်းအဝေး ကျင်းပရေးကော်မတီ အတွင်းရေးမှူး ဗိုလ်မှူးကြီး စိုင်းလှ ကို ဦးတင်အောင်ခိုင် ဆက်သွယ်မေးမြန်း ထားပါတယ်။