UNA အဖွဲ့ဝင်တွေနဲ့ ရခိုင်ဝန်ကြီးချုပ် တွေ့ဆုံ
2017.10.13

စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ UNA ရဲ့ ၄ ရက်ကြာ ရခိုင်ပြည်နယ်မြောက်ပိုင်း ခရီးစဉ်မှာ မနေ့က ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနဲ့ တွေ့ဆုံခဲ့သလို စစ်တွေမြို့ခံတွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နဲ့ တွေ့ဆုံရာမှာ ခရီးစဉ်ကို အစိုးရအစီအစဉ်နဲ့သွားရောက်ဖို့ ဝန်ကြီးချုပ် က ပြောကြားတဲ့အတွက် လက်ခံလိုက်တယ်လို့ UNA ရဲ့ အတွင်းရေးမှူးအဖွဲ့ဝင် ဦးမျိုးကျော် ကပြောပါတယ်။
"ဝန်ကြီးချုပ်အနေနဲ့ကလည်း UNA အဖွဲ့ကို သူတို့အနေနဲ့ ဘာကူညီပေးရမလဲ။ ဘာလိုအပ်လဲပေါ့နော်။ အန်ကယ်တို့အနေနဲ့ကလည်း ကိုယ်လာတဲ့ခရီးစဉ်အကြောင်းကို ပြောပြတဲ့အခါမှာ ဒီဟာဆိုရင်တော့ ဒီခရီးစဉ်ကို အန်ကယ်တို့အစီစဉ်တိုင်းမဟုတ်ဘဲ သူတို့ရဲ့ အစီစဉ်နဲ့သွားပါဆိုပြီး သူတို့အကြံပြုလိုက် တယ်။ အန်ကယ်တို့လည်း လက်ခံပါတယ်။"
UNA အဖွဲ့ဟာ ဒီနေ့မှာတော့ ပြည်နယ်အစိုးရအဖွဲ့ရဲ့ အစီအစဉ်နဲ့ ဘူးသီးတောင်မြို့နယ် ပြည်သူ့ဆေးရုံကို သွားရောက်ခဲ့ပြီး ကယ်ဆယ်ရေးစခန်းတွေကိုလည်း သွားရောက်ခဲ့ပါတယ်။
ဘူးသီးတောင်ကနေ မောင်တောမြို့နယ်နဲ့ ရသေ့တောင်မြို့နယ်တွေကိုလည်း ဆက်လက်သွားရောက် မှာဖြစ်ပြီး အောက်တိုဘာလ ၁၅ ရက်နေ့မှာ ခရီးစဉ်ပြီးဆုံးမှာဖြစ်တယ်လို့ ပြောပါတယ်။
မနေ့က စစ်တွေဒေသခံတွေနဲ့ UNA အဖွဲ့ဝင်တွေနဲ့တွေ့ဆုံရာမှာ ဒေသခံတွေက ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးတိမ်းရှောင်သွားတဲ့ မွတ်စလင်တွေကို ၁၉၉၃ ခုနှစ် နှစ်နိုင်ငံ သဘောတူညီချက်အရ ပြန်လည် လက်ခံတဲ့အခါမှာ ဖြစ်ပေါ်လာနိုင်တဲ့ အခြေအနေတွေအပေါ် စိုးရိမ်ချက်တွေရှိနေကြောင်း ပြောကြားခဲ့တယ်လို့ လည်း ပြောပါတယ်။