NLD ပါတီနဲ့ ပူးပေါင်းနိုင်ရေး UNA တိုင်းရင်းသား ပါတီတွေ ဆွေးနွေး
2015.12.29

နိုင်ငံရေးပါတီ ၈ ပါတီနဲ့ ဖွဲ့စည်းထားတဲ့ ညီညွှတ်သောတိုင်းရင်းသားလူမျိုးများ မဟာမိတ် UNA အဖွဲ့ဝင်တွေဟာ ပြီးခဲ့တဲ့ အထွေထွေရွေးကောက်ပွဲမှာ အစိုးရဖဲ့ွနိုင် တဲ့အထိ အနိုင်ရရှိခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ပူးပေါင်းဆောင်ရွက်မယ့် နည်းလမ်းတွေကို ဆွေးနွေးခဲ့ကြပါတယ်။
ဒီကနေ့ ရန်ကုန်မြို့ ၉ မိုင်မှာရှိတဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် ရုံးခန်းမှာ ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။
မကြာခင်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ တွေ့ဆုံဆွေးနွေးနိုင်ဖွယ်ရှိကြောင်းနဲ့ တေ့ွဆုံတဲ့အခါ ဆွေးနွေးမယ့် အကြောင်းအရာတွေကို အဖွ့ဲဝင်တွေက အကြံပြုကြတာဖြစ်တယ်လို့ UNA နာယက ဦးအေးသာအောင် က ပြောပါတယ်။
"NLD ကအစိုးရဖြစ်လာမယ်၊ လွှတ်တော်မှာလည်းဘာပဲဖြစ်ဖြစ် အင်နဲ့အားနဲ့ လွှတ်တော်ကိုယ်စား လှယ်တွေ လျာထားတယ်၊ နောက်ဒီမိုကရေစီအရေး၊ တိုင်းရင်းသားအရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ပြီးတော့ပြည်တွင်းစစ်ရပ်ဖို့ကိစ္စ၊ ဖက်ဒရယ်ပြည်ထောင်စု ဖော်ဆောင်ဖို့ကိစ္စ၊ ၂ဝဝ၈ ဖွဲ့စည်းပုံပြင်ဖို့ စတဲ့ကိစ္စတွေကို လွှတ်တော်တွင်း၊ လွှတ်တော်ပြင် ပမှာ NLD နဲ့ ဘယ်လိုဆက်ဆံဆောင်ရွက်နိုင်မလဲ ဆိုတာတွေကိုဆွေးနွေးကြတယ်၊ မကြာခင်တော့ တွေ့ဆုံဆွေးနွေး လာကောင်းမျှော်လင့်ပါတယ်"
ဆွေးနွေးပွဲကို နှစ်ရက်ကြာ ကျင်းပမှာဖြစ်ပြီး UNA ရဲ့ ဖွဲ့စည်းပုံပြင်ဆင်ဖို့နဲ့ အဖွဲ့ဝင်အဖြစ် အသစ်ဝင်ရောက်ဖို့ လျှောက် ထားတဲ့ ပါတီတွေကိစ္စကိုလည်း ဆွေးနွေးခဲ့ ကြတယ်လို့ သိရပါတယ်။
UNA မှာ ရခိုင်အမျိုးသားပါတီ၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်၊ မွန်အမျိုးသားပါတီ၊ ကရင်အမျိုးသားပါတီ၊ ကယန်းအမျိုးသားပါတီ၊ ရှမ်းပြည်ကိုးကန့်ဒီမိုကရက်တစ်ပါတီ၊ ကချင်အမျိုးသားများဒီမိုကရေစီ ကွန်ဂရက် စတဲ့ ပါတီ ၈ခု ပါဝင်ပြီး UNA အဖွဲ့ဝင်အဖြစ် ပါဝင်ခွင့်ရဖို့ လျှောက်ထား တဲ့ နောက်ထပ် နိုင်ငံရေးပါတီ ၆ ခု ရှိတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ရွေးကောက်ပွဲထဲမှာ UNA အဖွဲ့ဝင် ၈ ပါတီထဲက ရခိုင်အမျိုးသားပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်၊ မွန်အမျိုးသားပါတီ နဲ့ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်တို့က လွှတ်တော် ၃ရပ်အတွက် ကိုယ်စားလှယ် ၁၀၀ နီးပါး အနိုင်ရရှိထားပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ လွှတ်တော်အသီးသီးအတွက် ကိုယ်စားလှယ် ၈၈၆ ဦး အနိုင်ရရှိထားတာဖြစ်ပါတယ်။
ဦးအေးသာအောင်ကို RFA သတင်းထောက် ကိုမျိုးဇော်ကို တွေ့ဆုံမေးမြန်းထားတာ နားဆင်နိုင်ပါတယ်။