ရခိုင်ပြည်နယ်အရေး စိုးရိမ် ပူပန်ကြောင်း ကုလ ပြောကြား


2016.10.11
bankimoon-asean-summit-620.jpg နေပြည်တော်မှာ ၂ဝ၁၄ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့ကကျင်းပတဲ့ ၉ ကြိမ်မြောက် အရှေ့အာရှ ထိပ်သီးအစည်းအဝေးမှာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်း(ယာဘက်)နဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဗီဂျေး နမ်ဘီယား (ဝဲဘက်)ကို တွေ့ရစဉ်
Photo: RFA

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဗီဂျေး နမ်ဘီယား က ရခိုင်ပြည် နယ်မြောက်ပိုင်းမှာ အောက်တိုဘာ ၉ ရက်နေ့က အမျိုးအမည်မသိရတဲ့ အကြမ်းဖက်အုပ်စုတွေရဲ့ တိုက်ခိုက်မှုရဲ့ အကျိူးသက်ရောက်မှုအဖြစ် အစိုးရလုံခြုံရေးအဖွဲ့ဝင်တွေနဲ့  အရပ်သားတွေ အသက်ဆုံးရှုံးခဲ့ရတဲ့အတွက် အထူး စိုးရိမ်ပူပန်ကြောင်း ပြောကြားရင်း ရခိုင်ပြည်နယ်ရှိ ဘာသာမတူ လူမျိုးကွဲပြားတဲ့ ဒေသခံ ပြည်သူလူထုအနေနဲ့ အခုအချိန်မှာ အသိုင်းအဝန်းတခုက တခြားတခုအပေါ် ပစ်မှတ်ထား ရန်ရှာမှုတွေကို ရှောင်ကျဉ်ပြီး အတတ်နိုင်ဆုံး သည်းခံကြပါလို့ မနေ့က တိုက်တွန်းလိုက်ပါတယ်။

နယူးယောက်မြို့ ကုလသမဂ္ဂရုံးက အောက်တိုဘာ ၁၁ ရက်နေ့စွဲနဲ့ ထုတ်ပြန်ကြေညာချက်မှာ နေပြည်တော်ရှိ သက်ဆိုင်ရာ မြန်မာအစိုးရ ထိပ်ဆုံးအာဏာရှိသူတွေက ဒီကိစ္စကိုဖြေရှင်းရာမှာ ငြိမ်းချမ်းမှုထိန်းသိမ်းရေးနဲ့ ပဋိပက္ခတွေ ပိုမိုကျယ်ပျံ့လာခြင်းမရှိအောင် တရားဥပဒေနဲ့အညီ အရေးယူဆောင်ရွက်ဖို့ သက်ဆိုင်ရာ အဖွဲ့အစည်း အဆင့်ဆင့်ကို တိတိကျကျ ညွှန်ကြားထားကြောင်း မိမိကို အသိပေးထားပါတယ်လို့လည်း မစ္စတာ နမ်ဘီးယား က ဖေါ်ပြထားပါတယ်။

ဒါ့အပြင် အစိုးရလုံခြုံရေးတပ်ဖွဲ့တွေအနေနဲ့ ဒီကိစ္စကို တုန့်ပြန်ရာမှာ တိတိကျကျနဲ့ မြန်မြန်ဆန်ဆန် တုန့်ပြန်ရမယ် ဆိုတာကို မိမိလက်ခံပါတယ်၊ ဒါပေမယ့် တပြိုင်နက်မှာပဲ အရပ်သားပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်တွေ ကို မထိခိုက်အောင်လည်း အထူးသတိပြုဆောင်ရွက်ကြပါလို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ နမ်ဘီးယား က ပြောကြားလိုက်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။