ကုလကိုယ်စားလှယ်နဲ့ ဝန်ကြီးဦးအောင်မင်း ကချင်ဒုက္ခသည်စခန်းတွေကို သွားရောက်


2013.05.31

ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ကေအိုင်အိုနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲအပြီး သမ္မတရုံးဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်တဲ့ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် မစ္စတာ ဗီဂျေးနမ်ဘီးယားတို့ဟာ ဒီကနေ့မှာ မြစ်ကြီးနားနဲ့ ဝိုင်းမော်မြို့နယ်ထဲက စစ်ဘေးရှောင်စခန်းသုံးခုကို သွားရောက်လေ့လာခဲ့ပါတယ်။

စစ်ပြေးဒုက္ခသည်တွေ မကြာခင် မိမိတို့ ရပ်ရွာတွေမှာ ပြန်လည်နေထိုင်ဖို့ ထူထောင်ရေးလုပ်ငန်းတွေကို အစိုးရနဲ့ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းတွေက အတတ်နိုင်ဆုံး ကူညီသွားမယ်လို့ ဝိုင်းမော်မြို့ သာဂရ သရက်တော ဘုန်းတော်ကြီးကျောင်း ကယ်ဆယ်ရေး စခန်းမှာ ဝန်ကြီးဦးအောင်မင်းက  အခုလို ပြောပါတယ်။

"ကျနော်တို့ဟာ ကချင်တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ အကြိမ်ကြိမ်ဆွေးနွေးပွဲလုပ်ခဲ့ပါတယ်၊ ဒီအချိန်ကတော့ အောင်မြင်မှုရလဒ်လို့လည်း ပြောရမှာဖြစ်ပါတယ်၊ ကျနော်တို့ သဘောတူညီချက်လက်မှတ်တွေ ရေးထိုးပါတယ်၊ တိုက်ပွဲတွေမဖြစ်အောင်လုပ်ကြမယ်၊ ဒီလိုကိုယ့်အိမ်ကိုယ့်ယာကို ပစ်ပြီးတော့ပြေးတဲ့မိသားစုတွေကို ကိုယ့်နေရာကိုယ်ပြန်ရောက်အောင် လုပ်ကြမယ်ဆိုပြီးတော့ အဲအစီအစဉ်တွေပါပြီးသားဖြစ်ပါတယ်၊ ဒါကြောင့်မို့လို့ ဒီမှာရှိတဲ့အဖွဲ့တွေအားလုံးက ကိုယ့်အိမ်ကို မကြာခင်ပြန်ရတာ့မှာဖြစ်ပါတယ်၊ ဒီကနေပြန်တဲ့အခါ ခင်ဗျားတို့အားနဲ့အင်နဲ့ ကိုယ့်ရွာဖွံ့ဖြိုးတိုးတက်အောင် ကိုယ့်လူမျိုးတွေတိုးတက်အောင် အဲဒါတွေကြိုးစားပြီးတော့ ဆောင်ရွက်ဖို့လိုအပ်တယ်၊ ကလေးတွေလည်း စာတတ်အောင်လုပ်ပေးဖို့လိုအပ်တယ်၊ ကျနော်တို့လည်း ဝိုင်းကူပြီးတော့ဆောင်ရွက်သွားမှာဖြစ်ပါတယ်"

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် မစ္စတာ ဗီဂျေနမ်ဘီးယားကတော့ "ဒုက္ခသည်တွေ အားလုံး မိမိအိုးအိမ်တွေမှာ ပြန်လည်နေထိုင်နိုင်ဖို့ မနေ့က ဆွေးနွေးပွဲအပြီးမှာ ပိုနီးစပ်လာပြီလို့ ပြောနိုင်ပါတယ်။ အစိုးရပြည်ထောင်စုဝန်ကြီးဦးအောင်မင်း၊ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးနဲ့ ကေအိုင်အို ခေါင်းဆောင်တွေရဲ့ ကြိုးပမ်းမှုကြောင့် ဒုက္ခသည်တွေ အားလုံး မကြာတော့တဲ့ အနာဂတ်မှာ မိမိအိုးအိမ်တွေမှာ ပြန်လည်နေထိုင်ကြရတော့မှာဖြစ်ပါတယ်" လို့ ပြောသွားခဲ့ပါတယ်။

ဒါ့အပြင် ကာကွယ်ရေးဝန်ကြီးဌာန စစ်ဆင်ရေးအထူးအဖွဲ့မှူး ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုးကလည်း ဒေသခံပြည်သူတွေ လုံခြုံစွာ ပြန်လည်အခြေချ နေထိုင်နိုင်ဖို့အတွက် မြေမြှုပ်မိုင်းရှင်းလင်းရေးအပါအဝင် လိုအပ်တဲ့ကူညီဆောင်ရွက်မှုတွေအားလုံးကို အတတ်နိုင်ဆုံး ဆောင်ရွက်သွားပေးမယ်လို့ ဆိုပါတယ်။

အလားတူ  ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ရဲ့ ဒုတိယစစ်ဦးချုပ် ဗိုလ်ချုပ်ဂွမ်မော် ဦးဆောင်တဲ့ ကေအိုင်အိုငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ကလည်း အဖွဲ့လေးဖွဲ့ခွဲပြီး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် မစ္စတာဗီဂျေနမ်ဘီးယားနဲ့အတူ မြစ်ကြီးနားနဲ့ ဝိုင်းမော်မြို့နယ်ထဲက စစ်ဘေးရှောင်စခန်းတွေကို သွားရောက်လေ့လာခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။