စစ်ကောင်စီလှည့်ဖြားမှုကို သတိပြုဖို့ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် သတိပေး

2022.06.23
စစ်ကောင်စီလှည့်ဖြားမှုကို သတိပြုဖို့ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် သတိပေး မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ သောမတ်အိတ်ချ် အင်ဒရူး (Thomas H.Andrews) ကို တွေ့ရစဉ်
Photo: UN Geneva

စစ်ကောင်စီက လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲကျင်းပပေးမယ်ဆိုတဲ့ ပြောဆို ချက်ဟာ ရယ်စရာပြောဆိုချက်ဖြစ်ပြီး သူတို့တရား၀င်ဖြစ်အောင် ကြော်ငြာထိုးနေတာကို အပြည်ပြည်ဆိုင်ရာအနေနဲ့ မယုံမိကြဖို့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စား လှယ် Tom Andrews က သတိပေးလိုက်တယ်လို့ AP သတင်းတစ်ရပ်မှာ ဖော်ပြထားပါ တယ်။

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ ရောက်ရှိနေတဲ့ Tom Andrews က စစ်ကောင်စီဟာ အာဏာသိမ်းပြီးကတည်းက သူတို့တရား၀င်ဖြစ်အောင် ပုံဖော်ကြိုးစားနေတာဖြစ်ပြီး သူတို့ ပြောနေတဲ့ ၂၀၂၃ မှာ ကျင်းပပေးမယ်ဆိုတဲ့ ရွေးကောက်ပွဲဆိုတာဟာ အတိုက်အခံကို ချုပ် ထားပြီး၊ အတိုက်အခံတွေကို သေဒဏ်ပေးပြီး လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲပါလို့ ပြောနေတာဟာ ယုတ္တိမတန်တဲ့ ရမ်းကားမှုဖြစ်တယ်လို့ ပြောပါတယ်။

လူ့အခွင့်အရေးအထူးကိုယ်စားလှယ်က စစ်ကောင်စီဟာ သူတို့တရား၀င်မှုအတွက် အပတ် တကုတ် ကြိုးစားနေပြီး အပြည်ပြည်ဆိုင်ရာအနေနဲ့ သူတို့ထောင်ချောက်ထဲ မသက်ဆင်း အောင် သတိပြုရမှာဖြစ်ပြီး အာဆီယံအနေနဲ့လည်း ဘုံသဘောတူညီချက် ငါးချက်ကို စာ ရွက်ပေါ်က အချက်တွေအဖြစ်ကနေ လက်တွေ့အကောင်အထည်ဖော်နိုင်တဲ့ အခြေအနေ ရောက်အောင် စစ်ကောင်စီကို ဖိအားပေးဖို့ လိုတယ်လို့ တိုက်တွန်းထားပါတယ်။

တစ်ဆက်တည်း အာဏာသိမ်းခံရပြီး ပါလီမန်ကို ၀င်ခွင့်အပိတ်ခံထားရတဲ့ ရွေးကောက်ခံ ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ ထိတွေ့မှု ရှိတဲ့ မလေးရှားနိုင်ငံကို ချီးကျူးလိုက်ပြီး တခြားနိုင်ငံတွေလည်း မလေးရှားနိုင်ငံလို ဆောင် ရွက်ကြဖို့ တိုက်တွန်းပါတယ်။ Tom Andrews က စစ်ကောင်စီကို လူသားချင်းစာနာ ထောက်ထားမှု အကူအညီတွေပေးအပ်ပြီး လက်နက်သဖွယ် အသုံးချမှာကို ရှောင်ရှားနိုင်ဖို့၊ အမျိုးသားညီညွတ်ရေးအစိုးရကိုလည်း အထောက်အပံ့တွေကို ဖြန့်ခွင့်ပေးဖို့ တိုက်တွန်း ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။