သေဒဏ်ချမှတ်နေတာတွေရပ်ဖို့ ကုလမဟာမင်းကြီးတောင်းဆို
2022.12.02
မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီးနောက် စစ်ကောင်စီရဲ့ ထောင်တွင်း တရားရုံးတွေကနေ လူအယောက် ၁၃ဝ ထက်မနည်း သေဒဏ်ချမှတ်ခံထားရတာ တွေ့ရတဲ့အတွက် အံ့သြတုန်လှုပ်မိကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Volker Türk က ဒီဇင်ဘာလ ၂ ရက် ဒီကနေ့ ကြေညာချက် ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။
စစ်ကောင်စီဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၃ဝ ရက်နေ့မှာ တက္ကသိုလ် ကျောင်းသား ခုနှစ်ဦးကို ထောင်တွင်း တရားရုံးကနေ သေဒဏ်ချခဲ့သလို၊ ဒီဇင်ဘာလ ၁ရက်နေ့မှာလည်း နောက်ထပ်လူငယ် လေးယောက်ကို သေဒဏ် ချမှတ်ခဲ့တယ်လို့ သတင်းတွေ ရထားတဲ့အတွက် ဒီသေဒဏ်တွေနဲ့ ပတ်သက်ပြီး ရှင်းရှင်းလင်းလင်း သိရဖို့ ကြိုးစားနေတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီရဲ့ တရားရုံးတွေဟာ လွတ်လပ်မှုမရှိတဲ့အပြင် တရားမျှတတဲ့ ကြားနာစစ်ဆေးမှု အခြေခံလိုအပ်ချက်တွေကိုလည်း မလိုက်နာဘူးလို့ သူက ထောက်ပြပါတယ်။
အမှုကြားနာတာတွေကို ထောင်တွင်းတရားရုံးတွေမှာ စစ်ကောင်စီက လျှို့ဝှက်လုပ်နေတာဟာ လွတ်လပ်ပြီး ဘက်လိုက်မှု မရှိရဘူးဆိုတဲ့ တရားစီရင်ရေးစနစ်ကို ဖောက်ဖျက်ရာ ရောက်တယ်လို့ဆိုပါတယ်။
သေဒဏ်ပေးနေတာတွေ အားလုံးကို ရပ်တန်းကရပ်ပြီး၊ ကွပ်မျက်မှု အားလုံးကိုလည်း ရပ်ဆိုင်းထားဖို့ မဟာမင်းကြီး Volker Türk က တောင်းဆိုလိုက်ပါတယ်။
သေဒဏ်ပေးတာကို နိုင်ငံရေး လက်နက်အဖြစ် အသုံးချနေတဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်တွေဟာ မြန်မာနိုင်ငံမှာ အကြမ်းဖက် တိုက်ခိုက်မှုတွေ အားလုံး ရပ်တန့်ပြီး နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုတွေ ဖြစ်လာဖို့ အာဆီယံနဲ့ နိုင်ငံတကာရဲ့ ကြိုးပမ်းမှုတွေကို မထေမဲ့မြင် ပြုရာရောက်သလို အာဆီယံနဲ့ ဘုံသဘောတူညီချက်ပါ ကတိကဝတ်တွေကို မလိုက်နာရာလည်း ရောက်ကြောင်း လူ့အခွင့်အရေး မဟာမင်းကြီး Volker Türk ရဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။
အာဆီယံနဲ့ နိုင်ငံတကာက တားမြစ်နေတဲ့ကြားကပဲ စစ်ကောင်စီဟာ ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းမှာ ဒီမိုကရေစီအရေး လှုပ်ရှားသူ လေးဦးကို သေဒဏ်စီရင်ကွပ်မျက်ခဲ့ကြောင်း၊ စစ်တပ်အာဏာသိမ်းတာကို ဆန့်ကျင်တဲ့အတွက် ဖမ်းဆီးခံရတဲ့သူ ၁၆၅၀၀ လောက်ထဲက ၁၇၀၀ လောက်ကို လျှို့ဝှက်စစ်ဆေးတဲ့ ခုံရုံးတွေကနေ အလျင်စလို စီရင်ချက်တွေ ချခဲ့ကြောင်း၊ ဒီ စီရင်ချက် ချမှတ်ခံရသူတွေဟာ ရှေ့နေနဲ့ မိသားစုဝင်တွေနဲ့ တွေ့ခွင့်မရခဲ့သလို အပြစ်မရှိကြောင်း၊ စစ်ဆေးတွေ့ရှိတဲ့ အမှုလည်း မရှိသေးတဲ့အကြောင်း ကြေငြာချက်မှာ ထည့်သွင်းပြောထားပါတယ်။