ဟိုပန်မှာ ဓားပြတိုက်၊ လူသတ်မှုတစ်ခုကို "ဝ" တပ်ဖွဲ့ သေဒဏ်စီရင်

RFA Burmese
2024.10.30
ဟိုပန်မှာ ဓားပြတိုက်၊ လူသတ်မှုတစ်ခုကို "ဝ" တပ်ဖွဲ့ သေဒဏ်စီရင် ပြစ်မှုကျူးလွန်သူများအား UWSA "၀" တပ်ဖွဲ့ထိန်းချုပ်ထားသည့် ဟိုပန်မြို့ရှိ ယဉ်ကျေးမှုကွင်းတွင် "ဝ" တပ်ဖွဲ့မှ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၃၀ ရက်နေ့တွင် ပြစ်ဒဏ်စီရင်ခဲ့စဉ်။
WNL News

UWSA "၀" တပ်ဖွဲ့ထိန်းချုပ်ထားတဲ့ ဟိုပန်မြို့က Moon Sun စတိုးဆိုင် ဓားပြတိုက်ခံရမှုမှာ ၈ နှစ်အရွယ် ကလေးတစ်ဦး သေဆုံးခဲ့တဲ့ ဖြစ်ရပ်နဲ့ ပတ်သက်လို့ ကျူးလွန်ကြောင်း စစ်ဆေးပေါ်ပေါက်သူ အမျိုးသားတစ်ဦးကို အောက်တိုဘာလ ၃၀ ရက်နေ့ မနက်မှာ သေဒဏ်စီရင်လိုက်တယ်လို့ "ဝ" တပ်ဖွဲ့ ဆက်ဆံရေးရုံး တာဝန်ရှိသူ ဦးညီရမ်းက ပြောပါတယ်။

"သေဒဏ်စီရင်ချက် ချတာမှန်ပါတယ်။ ကျွန်တော်တို့ “ဝ” ပြည်မှာ တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်ရေးအတွက် နှစ်စဉ်လူထုရှေ့မှောက်မှာ ပွင့်လင်းမြင်သာမှုတစ်ခုကို "ဝ" ပြည် တရားဥပဒေနဲ့အညီ လုပ်ဆောင်တာ ဖြစ်ပါတယ်"

သေဒဏ်ပေးမဲ့သူကို "ဝ" တပ်ဖွဲ့က မြို့တွင်းမှာ လှည့်လည်ပြသခဲ့ပြီး သေဒဏ်စီရင်တဲ့ ယဉ်ကျေးမှုကွင်းနေရာမှာလည်း မြို့ခံတွေကို လာရောက်ကြည့်ရှုစေခဲ့တယ်လို့ ဆိုပါတယ်။

တစ်ချိန်တည်းမှာပဲ နောက်ထပ် မုဒိန်းမှုတစ်ခုအတွက် ဖမ်းဆီးထားသူ ခြောက်ဦးကိုတော့ တစ်သက်တစ်ကျွန်းနဲ့ နှစ်ရှည်ထောင်ဒဏ်တွေ အသီးသီးချမှတ်ခဲ့တယ်လို့ "ဝ" တပ်ဖွဲ့က ပြောပါတယ်။ အဲဒီအမှုမှာ ဦးဆောင်ပါဝင်သူတစ်ဦးကို ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချခဲ့ပြီး ကျန်ငါးဦးကို ထောင် ၁၅ နှစ်စီချမှတ်ခဲ့တာလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၃ ရက်နေ့ကဖြစ်ခဲ့တဲ့ စတိုးဆိုင်ဓားပြတိုက်မှုမှာ ၈ နှစ်အရွယ် ကလေးတစ်ဦး သေဆုံးခဲ့သလို မိသားစုဝင်သုံးဦး ဒဏ်ရာရခဲ့ပြီး အဲဒီဖြစ်ရပ်ဟာ လူမှုကွန်ရက်မှာပါ လူသိများခဲ့တဲ့အမှု ဖြစ်ပါတယ်။

ဟိုပန်နဲ့ ပန်လုံမြို့တွေကို ၁၀၂၇ စစ်ဆင်ရေးကာလ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၅ ရက်နေ့မှာ UWSA "ဝ" တပ်ဖွဲ့က သိမ်းပိုက်ခဲ့ပြီးနောက် ဟိုပန်၊ နမ့်တစ်၊ နာဝီး၊ ပန်လုံမြို့ လေးခုပေါင်းပြီး ဟိုပန်ခရိုင်အဖြစ် ပြောင်းလဲခဲ့ကာ အုပ်ချုပ်ရေးစနစ်တွေကိုပါ ပြောင်းခဲ့တာပါ။

အဲဒီနောက်ပိုင်း ဟိုပန်မြို့မှာ အခုလို သေဒဏ်စီရင်တာ ပထမဆုံးဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

၂၀၂၄ ခုနှစ်၊ ဧပြီ ၂၄ ရက်နေ့ကလည်း ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်မြို့မှာ ကိုးကန့်တပ်မတော် (MNDAA) ရဲ့ ခရိုင်မှူးအဆင့်ရှိသူ တစ်ဦးအပါအဝင် တပ်ဖွဲ့ဝင် သုံးဦးကို လူသတ် ပြန်ပေးဆွဲမှုတွေမှာ ပါဝင်တယ်ဆိုပြီး MNDAA က လူမြင်ကွင်းမှာ သေဒဏ်ပေးခဲ့ပြီး အဲဒီတုန်းကတော့ ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ၁၈၆၁ ခုနှစ်ကတည်းက ပြဋ္ဌာန်းခဲ့တဲ့ လူမြင်ကွင်းမှာ သေဒဏ်စီရင်တဲ့ဥပဒေကို ဖျက်သိမ်းထားပြီးသားဖြစ်တယ်လို့ ဥပဒေကျွမ်းကျင်သူတွေက ထောက်ပြကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။