ဧရာဝတီတိုင်းက ဒေသခံ သုံးဦး သေဒဏ်အမိန့်ချခံရ
2023.09.29
ဧရာဝတီတိုင်း ဘိုကလေးနဲ့ မအူပင်မြို့နယ်က အမျိုးသား သုံးဦးကို ဒေသကာကွယ်ရေး တပ်ဖွဲ့ PDF တွေ ဖြစ်တယ်၊ လူသတ်မှုကျူးလွန်တယ်ဆိုပြီး ဖျာပုံခရိုင်တရားရုံးက စက်တင်ဘာလ ၂၈ ရက်နေ့က သေဒဏ် ချလိုက်တယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက RFA ကို ဒီနေ့ ပြောပါတယ်။
သူတို့ သုံးဦးကတော့ အသက် ၃၀ ကျော်အရွယ်တွေဖြစ်တဲ့ ဘိုကလေးမြို့က ကိုကျော်မိုးလွင်နဲ့ မအူပင်မြို့က ကိုဝေယံကျော်၊ နောက် ဘိုကလေးမြို့နယ် မြင်းကကုန်းရွာက အသက် ၅၀ ကျော်အရွယ် ဦးဝင်းဌေး တို့ ဖြစ်ပါတယ်။
ကိုကျော်မိုးလွင်နဲ့ ကိုဝေယံကျော်က အမှုတွဲတူပြီး ဒေသကာကွယ်ရေးတပ် PDF တွေအဖြစ် စွပ်စွဲရုံမက ၂၀၂၂ ခုနှစ် ဧပြီလမှာ ဖျာပုံမြို့နယ်၊ ကျုံကျိုက်ရွာက အုပ်ချုပ်ရေးမှူး ဦးအေးကိုနဲ့ ဇနီးဖြစ်သူတို့ကို တင်ကူးကြံရွယ်ပြီးမှ သတ်ဖြတ်မှု ရာဇသတ်ကြီး ပုဒ်မ - ၃၀၂ (၁) (ခ) နဲ့ ဖျာပုံခရိုင်တရားသူကြီးက မနေ့က သေဒဏ်ချလိုက်တာလို့ မိသာစုနဲ့ နီးစပ်သူတစ်ဦးက RFA ကို ပြောပါတယ်။
“ကိုကျော်မိုးလွင်နဲ့ ကိုဝေယံကျော် တို့ကို စစ်ကောင်စီဘက်က ဒေသကာကွယ်ရေး တပ်ဖွဲ့တွေ ဖြစ်တယ်၊ ကျုံကျိုက်ရွာက အုပ်ချုပ်ရေးမှူးကို သတ်တဲ့အထဲ ပါတယ်ဆိုပြီး သေဒဏ်ချလိုက်တာ”
နောက်တစ်ဦးဖြစ်တဲ့ ဘိုကလေးမြို့နယ် မြင်းကကုန်းရွာက ဦးဝင်းဌေး ကိုတော့ သူ ပိုင်ဆိုင်တဲ့ စားသောက်ဆိုင်မှာ လက်နက်တွေ ခိုးဝှက်သိမ်းဆည်းထားတယ်ဆိုပြီး ပြီးခဲ့တဲ့နှစ် စက်တင်ဘာလက ရဲနဲ့ စစ်သားတွေ လာရောက်ဖမ်းဆီးခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
အခု တစ်နှစ်အကြာမှာတော့ PDF တွေကို ထောက်ပံ့တယ်၊ လူသတ်မှုကို အားပေးကူညီတယ်ဆိုပြီး ဖျာပုံခရိုင် တရားရုံးကပဲ သေဒဏ်ချလိုက်တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မြင်းကကုန်းရွာ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“သူ့ကိုဖမ်းပြီး ဆိုင်ကို ဝင်ရှာတာ။ အဲဒီမှာ လက်နက်တွေ့တယ်ဆိုပြီး အဖမ်းခံလိုက် ရတာ။ မနေ့ကတော့ သူ့ကို သေဒဏ်ချလိုက်တယ်ဆိုပြီး သိရတယ်။ သူက မြင်းကကုန်း မှာတော့ ဒေသခံတွေနဲ့ ဆက်ဆံရေး တော်တော် ကောင်းပါတယ်။ ပြီးတော့ ဒီလို လက်နက်တွေ သိမ်းထားတာတွေလုပ်ဖို့ သူ့မှာ အဲဒီလောက် အခြေအနေ မရှိပါဘူး”
ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရသေးသလို စစ်ကောင်စီရဲ့ ဧရာဝတီတိုင်း ပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးမောင်မောင်သန်း ကို မေးမြန်းရာမှာ အဲဒီကိစ္စ သူ မသိဘူးလို့ ပြောပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက် ထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းပြီးနောက်မှာ သေဒဏ်ချခံရသူ ၁၅၁ ဦး ရှိပါတယ်။
အဲဒီအထဲက ထင်ရှားတဲ့ ဒီမိုကရေစီအရေးလှုပ်ရှားသူ ၈၈-ကျောင်းသားခေါင်းဆောင် ဦးဂျင်မီ ခေါ် ဦးကျော်မင်းယုနဲ့ NLD လွှတ်တော်အမတ် Rap အဆိုတော် ဦးဖြိုးဇေယျာသော် အပါအဝင် လေးဦးကို စစ်ကောင်စီက အင်းစိန်ထောင်ထဲမှာ ကြိုးပေး ကွပ်မျက်ခဲ့ပါတယ်။