တပ်အရာရှိတွေကို အရေးယူဖို့ ယန်ဟီးလီတိုက်တွန်း

နေရိန်ကျော်
2019.10.23
un-622.jpg ၂ဝ၁၉ အောက်တိုဘာလ ၂၃ ရက်နေ့က ကျင်းပတဲ့ ကုလသမဂ္ဂအထွေထွေညီလာခံမှာ တွေ့ရတဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် မစ္စယန်ဟီးလီ။
Photo: UN Web TV

မြန်မာ့တပ်မတော်က ဦးစီးလုပ်ကိုင်နေတဲ့ ကုမ္ပဏီတွေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက် တာဝန်ရှိတဲ့ တပ်မတော်ခေါင်းဆောင်တွေကို သီးခြားဖယ်ထုတ် အရေးယူပိတ်ဆို့ဖို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် မစ္စယန်ဟီးလီက မနေ့က အောက်တိုဘာလ ၂၃ ရက် နေ့မှာ ကုလသမဂ္ဂကို တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။

လုံခြုံရေးကောင်စီကလည်း မြန်မာနိုင်ငံက လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အရေးယူ ဖြေရှင်းဖို့ နိုင်ငံတကာရာဇဝတ်ခုံရုံး ICC လွှဲပေးရမယ်။ ဒါမှမဟုတ် အရေးယူနိုင်မယ့် နိုင်ငံတကာခုံရုံး တခုတည်ထောင်ပေးရမယ်လို့ သူကပြောလိုက်ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံမှာ တရားမျှတမှုနဲ့ အမှန်တရားပေါ်ပေါက်ဖို့၊ နစ်နာတဲ့သူတွေကို လျော်ကြေးပေးဖို့နဲ့ ကလဲ့စားချေတာမလုပ်အောင် ကတိပေးဖို့အတွက် နိုင်ငံတကာအသိုင်းအဝိုင်းက လူမှုအသင်းအဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်သင့်တယ်လို့လည်း မစ္စယန်ဟီးလီက ပြောလိုက်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလကစလို့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ သိသိသာသာများလာတာတွေ့ရတယ်လို့ ဆိုပါတယ်။ အဲဒီထဲမှာ - ရခိုင်ပြည်သတင်းတွေ ရေးသားထုတ်ဖော်တဲ့ သတင်းထောက်တွေ၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေ၊ စစ်တပ်ကို ဝေဖန်တဲ့သူတွေ အရေးယူခံရတာတွေဖြစ်တယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းကလည်း အာဏာရ NLD ပါတီကို ဝေဖန်တဲ့ ကာတွန်းဆရာ တစ်ယောက်နဲ့ သရော်စာရေးတဲ့သူနှစ်ယောက်ကို အစိုးရအရာရှိတွေက တရားစွဲတဲ့လုပ်ရပ်တွေ ပေါ်လာတဲ့အတွက် လာမယ့်နှစ်မှာ ကျင်းပမယ့် ရွေးကောက်ပွဲအတွက်လည်း စိုးရိမ်လာရတယ်လို့ပြောပါတယ်။

အဲဒီအပြင် ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်အပါအဝင် တိုင်းရင်းသားနယ်မြေတွေမှာ ရေအားလျှပ်စစ်စက်ရုံ တည်ဆောက်ဖို့ဆိုပြီး ဒေသခံတွေကို နေရာရွှေ့ပြောင်းလာတဲ့ အစိုးရရဲ့ အစီအစဉ်တွေကို စိုးရိမ်ရတယ်လို့ပြောပါတယ်။ ကချင်၊ ရှမ်းနဲ့ ကရင်ပြည်နယ်တွေမှာလည်း ဒေသခံတွေက ရေအားလျှပ်စစ်အတွက် ရေကာတာတည်ဆောက်မှာတွေကို တောက်လျှောက်ကန့်ကွက်နေကြတယ်။ ဒါကြောင့် သူတို့ရဲ့အနာဂတ်တွေ မသေချာတဲ့အခြေအနေမှာ ရှိနေတယ်လို့ ထည့်သွင်းပြောဆိုပါတယ်။

ဒါ့အပြင် လက်ရှိအခြေအနေမှာ ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာတွေပြန်လာမယ်ဆိုရင် လုံခြုံမှုရှိမှာ မဟုတ်သေးသလို၊ ပြည်တွင်းမှာရှိနေတဲ့ ရိုဟင်ဂျာတွေလဲ အကြပ်အတည်း အခက်အခဲတွေ တွေ့နေဆဲပဲလို့ ပြောပါတယ်။

ဒီအတောအတွင်းမှာပဲ ရခိုင်ပြည်နယ်ထဲမှာ ရှိနေသေးတဲ့ ရိုဟင်ဂျာမွတ်စလင် ခြောက်သိန်းလောက်ဟာ ခွဲခြားဆက်ဆံခံနေရသေးသလို လွတ်လပ်စွာသွားလာခွင့်၊ အသက်မွေးဝမ်းကြောင်းခွင့်နဲ့ ပညာသင်ခွင့်တွေ ဆုံးရှုံးနေသေးတဲ့အတွက် Genocide လို့ခေါ်တဲ့ လူမျိုးတုန်းသုတ်သင်တဲ့ဖြစ်ရပ်တွေ ဆက်ရှိ နေသေးတယ်လို့ ကုလသမဂ္ဂရဲ့ လွတ်လပ်တဲ့စုံစမ်းရေးမစ်ရှင်အဖွဲ့ ဥက္ကဋ္ဌ မာဇူးကီ ဒါရုစ်မန်းက ပြောလိုက်ပါတယ်။

အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့မှာ အောက်တိုဘာလ ၂၃ ရက် မနေ့နေ့လယ်ကကျင်းပတဲ့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာလူ့အခွင့်အရေးအထူးကိုယ်စားလှယ် မစ္စယန်ဟီးလီနဲ့ မစ္စတာ ဒါရုစ်မန်းတို့ရဲ့ ပူးတွဲပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာပြောလိုက်တာပါ။

ဒါ့အပြင် မစ္စတာ ဒါရုစ်မန်းက  “ရိုဟင်ဂျာတွေနေရပ်ပြန်နိုင်ရေးအတွက် တောင်ကိုရီးယားနဲ့ ဂျပန်က ပါဝင်ကူညီနိုင်ပါတယ်။ တရုတ်ကတော့ မတူတဲ့ရပ်တည်ချက်မျိုးရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ တရုတ်မှာ တိကျတဲ့ အကျိုးစီးပွားရှိနေလို့ပါ။ ဒါကြောင့် ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာအရေးမှာ တရုတ်က တံတားတခု အနေနဲ့ လုပ်ပေးနိုင်ပါတယ်” လို့ ပြောပါတယ်။

ဒါ့အပြင် တရုတ်အနေနဲ့ မြန်မာ၊ သီရိလင်္ကာတို့နဲ့ ဆက်သွယ်ပြီးလုပ်နေတဲ့ လုပ်ငန်းတွေရှိသလို မြန်မာနဲ့ဆိုရင်လည်း ကျောက်စိမ်း ကိစ္စ၊ နယ်စပ်ကုန်သွယ်ရေးကိစ္စတွေကလည်း အကြီးအကျယ်ရှိနေပါတယ်လို့ သူကထည့်သွင်းပြောဆိုပါတယ်။

ဒါနဲ့ပတ်သက်လို့ ကုလသမဂ္ဂလူ့အခွင့်အရေးအထူးကိုယ်စားလှယ် မစ္စယန်ဟီးလီက “ မြန်မာ့ကျောက်စိမ်းရဲ့ ရာနှုန်းပြည့်ဈေးကွက်ဟာ တရုတ်ပြည်ကဖြစ်တယ်။ တရုတ်ဟာ မြန်မာရဲ့ အိမ်နီးချင်းလည်းဖြစ်တယ်။ ဒါကြောင့် တရုတ်ရဲ့အကျိုးစီးပွားက မြန်မာနဲ့ ဘယ်လောက်ဆက်နွယ်နေလဲဆိုတာ ရှင်တို့အနေနဲ့ စဉ်းစားကြည့်နိုင်မှာပါ။ နောက်ပြီးတော့ ဂျပန်ဟာ မြန်မာကို အဓိကထောက်ခံနေတဲ့ နိုင်ငံတနိုင်ငံဖြစ်နေပါတယ်။ အခုဆိုရင် JICA က မြန်မာနိုင်ငံမှာ လက်ရှိကို အကြီးအကျယ် ဝင်ပြီး လုပ်ကိုင်နေတာပါ။ ပြီးတော့ ကျွန်မရဲ့ မိခင်နိုင်ငံ တောင်ကိုရီးယားပါ။ သူကလဲ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံတာတွေ အများကြီးပါ။ ဒါကြောင့် ဒီနိုင်ငံတွေအနေနဲ့ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံတဲ့အခါ လူ့အခွင့်အရေးကိုလဲ ဦးစားပေးပါလို့ ကျွန်မအနေနဲ့ တိုက်တွန်းချင်ပါတယ်” လို့ ပြောပါတယ်။

ဒါ့အပြင် မစ္စယန်ဟီးလီက လူအခွင့်အရေးချိုးဖောက်ခံရပြီးနစ်နာနေတဲ့သူတွေကို - ဖွံ့ဖြိုးတိုးတက်မှု တခုတည်းနဲ့ ကုစားပေးနိုင်မှာ မဟုတ်တဲ့အတွက် ဂျပန်ရဲ့ ODI အကူအညီတွေ မြန်မာကို ပေးနေတဲ့အပေါ်မှာ မူတည်ပြီး မြန်မာ့လူ့အခွင့်အရေး တိုးတက်အောင်တွန်းအားပေးဖို့ လိုအပ်ပါတယ်လို့ ပြောဆိုလိုက်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။