ရခိုင်မြောက်ပိုင်း လူ့အခွင့်အရေးချိုးဖောက်မှု စုံစမ်းအရေးယူဖို့ ဒေါ်လာ ၂၈ သန်း ကုလအတည်ပြု


2018.12.26
un-assembly-622.jpg ၂၀၁၈ ခုနှစ် စက်တင်ဘာလ ၂၈ ရက်နေ့က ကုလသမဂ္ဂ အထွေထွေညီလာခံ ကျင်းပခဲ့စဉ်
Photo: Angela Weiss / AFP

တရုတ်နိုင်ငံက လျှော့ချပိတ်ပင်ဖို့ ကြိုးစားခဲ့ပေမယ့် မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ရိုဟင်ဂျာမွတ်စလင်တွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုရှိ မရှိ စုံစမ်းဖော်ထုတ်နိုင်ရေးအတွက် ကုလသမဂ္ဂက ဘတ်ဂျက်ငွေ အမေရိကန်ဒေါ်လာ ၂၈ သန်း ချမှတ်ပေးလိုက်ပါတယ်။ ဒီလိုဘတ်ဂျက်ငွေ ချမှတ်ပေးလိုက်တဲ့အတွက် အနာဂတ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ စုံစမ်းစစ်ဆေးဖို့၊ တရားရုံးတင်ဖို့အတွက် ကုလသမဂ္ဂအဖွဲ့အစည်းတရပ် ပေါ်ပေါက်လာရေး သေချာသလောက်ဖြစ်သွားတယ်လို့ ဒီဇင်ဘာ ၂၄ ရက်နေ့က လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ HRW က ရေးသားထားပါတယ်။

တရုတ်နိုင်ငံက ဒီစုံစမ်းရေးအလုပ်ကို ဘဏ္ဍာငွေ ထက်ဝက်ခန့်သာသုံးဖို့ တောင်းဆိုခဲ့ပေမဲ့ မူလ တောင်းဆိုတဲ့ ဒေါ်လာ ၂၉ သန်းအစား ပမာဏအနည်းငယ်လျှော့ပြီး အမေရိကန်ဒေါ်လာ ၂၈ သန်း ခွင့်ပြုလိုက်တာလို့ သိရပါတယ်။

မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စုံစမ်းဖော်ထုတ်ရေး နိုင်ငံတကာအဖွဲ့တခုဖွဲ့ဖို့ ပြီးခဲ့တဲ့ စက်တင် ဘာလက ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက မဲခွဲဆုံးဖြတ်ခဲ့ပါတယ်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ တရုတ်နိုင်ငံဟာ မြန်မာကိစ္စကို ဗီတိုအာဏာနဲ့မဲပေး ကန့်ကွက်နိုင်ပေမယ့် အထွေထွေ ညီလာခံမှာတော့ ဗီတိုမဲ သုံးခွင့်မရှိတဲ့အတွက် ဥရောပသမဂ္ဂ EU၊ အမေရိကန်ပြည်ထောင်စု၊ ကနေဒါ၊ ဆွစ်ဇာလန်၊ နိုင်ငံတကာ အစ္စလာမ္မစ်နိုင်ငံများအဖွဲ့ OIC တို့က တင်သွင်းတဲ့အဆိုကို မဲအများနဲ့ ဆုံးဖြတ်အတည်ပြုခဲ့တာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။