ကုလသမဂ္ဂနဲ့ နိုင်ငံတကာအဖွဲ့တွေ ကို အပြစ်မတင်ဖို့ ရခိုင်ဝန်ကြီးချုပ် တိုက်တွန်း
2014.08.27

ရခိုင်ပြည်နယ်က ဒေသခံရခိုင် တိုင်းရင်းသားတွေ အနေနဲ့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေ ကို ဝေဖန်ပြစ်တင်မနေကြဘဲ ပဋိပက္ခတွေကို ဘယ်လိုကျော်ဖြတ်မလဲဆိုတာ စဉ်းစားကြဖို့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းက တိုက်တွန်းပြောကြားလိုက်ပါတယ်။
ရခိုင်ပြည်နယ်အစိုးရအဖွဲ့နဲ့ စစ်တွေမြို့ခံတွေ၊ အရပ်ဘက်အဖဲ့ွအစည်း ကိုယ်စားလှယ်တွေ မနေ့က တွေ့ဆုံပွဲမှာ ပြည်နယ်ဝန်ကြီးချုပ်က အခုလိုပြောခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် ရခိုင်ပြည်နယ် အစိုးရအနေနဲ့ နိုင်ငံတကာ လူမှုအဖွဲ့အစည်းတွေကို စစ်တွေမြို့တောင်ဘက်မှာ ရုံးခန်းဖွင့်လှစ်ခွင့်ပေးထားပြီး စစ်တွေမြို့ ကန်တော်ကြီး ရပ်ကွက်မှာ သီးခြားတိုက်ခန်းတွေ ဆောက်လုပ်နေရာချ ထားပေးဖို့ စီစဉ်နေကြောင်းလည်း ဝန်ကြီးချုပ်က ပြောခဲ့ ပါတယ်။
တွေ့ဆုံပွဲတက်ရောက်ခဲ့သူတွေက စစ်တွေမြို့မှာ ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ကို ရုပ်သိမ်း သင့်ကြောင်း တင်ပြခဲ့တဲ့အပေါ် ပြည်နယ်ဝန်ကြီးချုပ်က ဒေသခံမြို့မိမြို့ဖတွေနဲ့ ညှိနှိုင်းဆွေးနွေးသွား ဦးမယ်လို့ ပြောခဲ့ပါတယ်။
ရခိုင်ပြည်နယ်အရေးကိစ္စနဲ့ ပတ်သက်ပြီး ပြစ်တင်ပြောဆိုနေတာတွေနဲ့ ပြည်နယ်တည်ငြိမ်ရေးကို ထိခိုက်စေတဲ့ အရေးအသားတွေ၊ ပြည်နယ်အစိုးရအဖွဲ့ကို ပုတ်ခတ်ဝေဖန်တာတွေကို လူမှုကွန်ရက် စာမျက်နှာတွေ မှာ တွေ့နေရကြောင်းနဲ့ အဲ့ဒီလိုရေးသားမှုတွေ မလုပ်ကြဖို့ ဝန်ကြီးချုပ်က ပြောခဲ့ပါတယ်။