အရပ်သားတွေကို သတ်ဖြတ်တဲ့ မြန်မာစစ်ခေါင်းဆောင်တွေကို ဗြိတိန်ရှုတ်ချ
2023.10.12

မြန်မာစစ်တပ်ဟာ အမျိုးသမီးနဲ့ ကလေးငယ်တွေအပါအဝင် စစ်ဘေးဒုက္ခသည်တွေရှိနေတဲ့ ကချင်ပြည်နယ် မုန်လိုင်ခက်ရွာ စစ်ဘေးဒုက္ခသည်စခန်းကို လက်နက်ကြီးနဲ့ တိုက်ခိုက်ခဲ့ပြီး၊ ဒါဟာ ဘယ်လို အကြောင်းပြချက်အတွက်မှ လက်ခံနိုင်စရာမရှိဘူးလို့ ကုလသမဂ္ဂဆိုင်ရာ ဗြိတိန်သံအမတ် ဘာဘရာ ဝုဒ်ဝါ့ဒ်က အောက်တိုဘာ ၁၀ ရက်က သူ့ရဲ့ တွစ်တာစာမျက်နှာမှာ ရေးသားလိုက်ပါတယ်။
အပြစ်မဲ့ အရပ်သားတွေကို သတ်ဖြတ်နေတဲ့ မြန်မာစစ်ခေါင်းဆောင်တွေကို ကန့်ကွက်ရှုတ်ချပြီး၊ မြန်မာစစ်တပ်ကို လက်နက်နဲ့ဝင်ငွေတွေ ထောက်ပံ့ပေးနေတဲ့ လမ်းကြောင်းတွေကို ဖြတ်တောက်ဖို့ ပိတ်ဆို့အရေးယူမှုတွေ ချမှတ်ထားပါတယ်လို့လည်း ရေးသားထားပါတယ်။
အောက်တိုဘာ ၁၀ ရက်နေ့က ဗြိတိန်သံရုံးရဲ့ ထုတ်ပြန်ချက်ထဲမှာ ကချင်ပြည်နယ်၊ မုန်လိုင်ခက်ရွာအပေါ် မြန်မာစစ်တပ်ရဲ့ တိုက်ခိုက်မှုကြောင့် အပြစ်မဲ့ပြည်သူအများအပြား အသက်ဆုံးရှုံးကြရတဲ့သတင်းကို ကြားသိရတဲ့အတွက် ယူကေအစိုးရအနေနဲ့ ထိတ်လန့်တုန်လှုပ်မိပါတယ်။ ဒီလုပ်ရပ်ကို လက်ခံနိုင်ဖွယ် လုံးဝမရှိပါဘူး။
မြန်မာစစ်တပ်အနေနဲ့ မြန်မာပြည်သူတွေပေါ် ရက်ရက်စက်စက် တိုက်ခိုက်နေတာတွေ ရပ်တန့်ဖို့ ထပ်မံအသိပေးပြောကြားလိုပါတယ်လို့ ရန်ကုန်မြို့ ဗြိတိန်သံရုံးအကြီးအကဲ ကန်န်အို ဖလာဟာတီက ပြောဆိုကြောင်းလည်း ဖော်ပြထားပါတယ်။